Friday, May 17, 2013

အစိုးရနှင့် KIA တပ်များ ကွတ်ခိုင်-မူဆယ် ကြား တိုက်ပွဲဖြစ်ပွား

KNG

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ် ကြား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၉ နယ်မြေတွင် အစိုးရတပ်နှင့် KIA တပ်ဖွဲ့ကြား ယနေ့ နံနက်ပိုင်းတွင် အချိန်တိုတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲသည် ဒတ်နိုင်း (Daknai)၊ မန်ကန် (Mang Kang) ပလောင်ရွာဟောင်းတွင် တပ်ရင်းအမည်မသိရသော အစိုးရစစ်ကြောင်းနှင့် KIA ပြည်သူ့စစ်တပ်ဖွဲ့ (Mungshawa Hpyen Hpung - MHH) ကြား ဖြစ်ပွားခြင်း ဖြစ်သည်။

၎င်း အစိုးရတပ်သည် ဒီမာ (Dima) ဘက်မှ အင်အား ၅၀ ကျော်ဖြင့် MHH တပ် နေရာသို့ ထိုးစစ်ဆင်လာချိန် နှစ်ဖက်တပ်ဖွဲ့မှ ထိပ်တိုက်တွေ့ဆုံပြီး နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု တိုက်ပွဲနေရာမှ MHH စစ်ဗိုလ်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကျနော်တို့ နယ်မြေမှာ အစိုးရတပ်က ထိုးဖောက်စစ်ဆင်လာတော့ တိုက်ပွဲတော့ ဆက်ဖြစ်နေမှာဘဲလေ။”

ယင်း တိုက်ပွဲတွင် အစိုးရတပ်မှ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး ၎င်းတို့ကို ဒီမာ (Dima) သို့ သယ်ဆောင်သွားပြီး ယင်းမှတဆင့် ကွတ်ခိုက်သို့ ပြန်သယ်သွားကြောင်း မျက်မြင်များပြောသည်။

KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) ဘက်မှ သေဆုံးထိခိုက်မှု မရှိကြောင်း အထက် MHH စစ်ဗိုလ်က ပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား အရေးပါသော နိုင်ငံရေးဆွေးနွေးရန် ညှိနှိုင်းဆဲကာလမှာ KIA တပ်မဟာ (၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပါသည်။

No comments: