Thursday, May 9, 2013

မြန်မာအစိုးရတပ်နှင့် KIA ကြား ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဖြစ်နေဆဲ

KNG

မြန်မာအစိုးရနှင့် KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေရန် ညှိနှိုင်းနေဆဲအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၃၆ နှင့် ၃၈ ရှိရာ မုန်ဂိုးဒေသသို့ အစိုးရတပ် ခလရ (၁၂၅၊ ၁၉၀ နှင့် ၆၉) စသည့် တပ်ပေါင်းစု စစ်ကြောင်းနှင့် KIA တပ်ဖွဲ့များ ထိန်ရားခက် (Hting Ra Hkyet) တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၄ ရှေ့တန်း စစ်ဗိုလ်တဦးက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင်လည်း မုန်းဂိုးဒေသ မန်ဂျတ် (Man Jat) တွင် အစိုးရ တပ်ပေါင်းစုံ စစ်ကြောင်းနှင့် KIA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေချိန် ၎င်းတွင် စစ်ကူရန် ၁၀၅ မိုင်ဘက်မှ ချီတက်လာသော အစိုးရတပ်ဖွဲ့ ၄၀ ကျော်ကို ပန်ဆိုင်း (ကြူကုတ်) အခြေစိုက် KIA ပြည်သူ့စစ် (Mungshawa Hpyen Hpung, MHH) တပ်ခွဲ ၅ မှ မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ခဲ့ရာ အစိုးရဘက်မှ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း ၎င်းတပ်ခွဲ (၅)မှ တပ်မှူးဇော်ဆိုင်းက KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကျနော်တို့က သူတို့လာမယ်ဆိုတာသိတယ်။ ဒါကြောင့် သူတို့လာမယ့် လမ်းကနေ စောင့်ပြီး တိုက်ခိုက်လိုက်တာပါ။”


၎င်းတွင် သေဆုံးသူ ၃ ဦးကို ပန်ဆိုင်း (ကြိုကုတ်) သင်္ချုင်းတွင် မြိုပ်လိုက်ပြီး ဒဏ်ရာရရှိသူ ၂ ဦးကို မူဆယ်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားကာ အခြား ၂ ဦးကိုမူ တရုတ်ပြည်သို့ သယ်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

MHH မှ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း တပ်ခွဲ (၅) တပ်ခွဲမှူးက ပြောသည်။

အစိုးရတပ်ဖွဲ့များသည် ထိုညတွင် အခင်းဖြစ်ပွားသောနေရာနှင့်နီးသော နေအိမ်မှ ကချင်အမျိုးသား မရန်လဂျာ (Maran La Ja) အား ညသန်းခေါင်ယံ ၁၂ နာရီချိန်တွင် ကောင်းဂွင် (Kawng Gwi) အစိုးရတပ်စခန်းသို့ ထော်လာဂျီဖြင့်ပို့ဆောင်ပေးရန် ခြိမ်းခြောက်ကာ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ယခုချိန် မုန်ဂုံးဒေသတွင် အစိုးရစစ်အင်အား ၅၀၀ နီးပါး ထိုးစစ်ဆင် လှုပ်ရှားနေသည်ဟု ဆိုပါသည်။

မေလ ၄ ရက်နေ့တွင်လည်း တပ်မဟာ ၄ အောက် တပ်ရင်း ၁၇ နယ်မြေ တွင် အစိုးရတပ် ခလရ (၁၂၇) တပ်ဖွဲ့များနှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယခုလိုတိုက်ပွဲများ ဖြစ်ပွားလာခြင်းသည် KIA တပ်ဖွဲ့များ နေရာယူထားသော နယ်မြေများသို့ အစိုးရတပ်ဖွဲ့များ နေရာယူ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်သည်ဟု KIA တပ်မဟာ ၄ အရာရှိများက ပြောသည်။

အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့စဉ်တို့တွင် နှစ်ဖက် တပ်ပိုင်းဆိုင်ရာအောက် ခြေတပ်ဖွဲ့များအထိ ညှိနှိုင်းမှုရရှိအောင် ညွန်ကြားသွားရန် သဘောတူခဲ့ခြင်းဖြစ်သော်လည်း ကချင်ပြည်နယ် အတွင်းရှိ အစိုးရစစ်တပ်အင်အားများ လျော့နည်းသွားခြင်းမရှိသလို ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ပို၍ ထိုးစစ်ဆင်လှုပ်ရှားမှုများရှိ နေခြင်းဖြစ်သည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့တွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး ပြန်လည်တွေ့ဆုံရန်ကို ယခုချိန်ထိ ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

No comments: