Thursday, May 23, 2013

KIO နှင့် အစိုးရ ဆွေးနွေးပွဲ၌ ထိရောက်မှု ရှိစေရန် ကချင်အဖွဲ့များ လိုလား

ရွှေဟင်္သာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၌ကျင်းပရန် ရှိသည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့၏ ဆွေးနွေးပွဲတွင် နိုင်ငံတကာ ကြားနေ အဖွဲ့ အစည်းများ တက်ရောက်ခွင့် ပေးရန် ကချင် အမျိုးသားများ အတိုင်ပင်ခံ ကောင်စီမှ တောင်းဆို လိုက်ကြောင်း အတွင်းရေးမှူး ဖြစ်သူ ဆရာ ဂမ်အောင်က ဆိုပါသည်။

“တစ်လျှောက်လုံးဘဲ အစိုးရနဲ့ တိုင်းရင်းသား တွေရဲ့ သဘော တူညီချက် စာချုပ် တွေက ပြီးရင် ပြီးသွား တာပဲ များတယ်၊ နောက်ပိုင်းမှာ ပျက်ပျက် သွားတာ ချည်းပဲ၊ အဲဒါကြောင့် နိုင်ငံကြီးတွေကနေ ကြားနေ အဖွဲ့တွေ ပါရင်တော့ တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး အဖြေ တစ်ခု ရလိမ့်မယ်လို့ ကျွှန်တော်တို့ ရှူ့မြင်ပါတယ်” ဟု ဆိုပါသည်။

ယင်းတောင်းဆိုမှုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ ကချင် အမျိုးသားများ အတိုင်ပင်ခံ ကောင်စီ ရုံး၌ ၁၉၉၀ ရွေးကောက်ပွဲဝင် ကချင် ကိုယ်စားလှယ်များ၊ ကချင် ရိုးရာ ယဉ်ကျေးမှု (ဗဟို) အဖွဲ့၊ ကချင်ပြည်နယ်တွင်းရှိ လူမျိုးစု အဖွဲ့များ၊ ဘာသာ ပေါင်းစုံမှ ကိုယ်စား လှယ်များက ကြေညာချက် ထုတ်ပြန်ပြီး ယနေ့ပင် တောင်းဆို လိုက်ခြင်း ဖြစ်ပါသည်။

ကချင် အမျိုးသားများ အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စု စနစ် ဖြစ်ပေါ်လာရေးကို အစဉ်တစိုက် တောင်းဆို လာခဲ့ပါသည်။ ဤကဲ့သို့ အကြိမ်ကြိမ် တောင်းဆို ခဲ့သော်လည်း ခိုင်မာပြီး တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ဘက်ကို ရောက်မလာခဲ့ချေ၊ ဤသို့ကြောင့် ယခု တွေ့ဆုံ ဆွေးနွေးပွဲမှ အကောင်းဆုံး အဖြေ တစ်ခု ရရှိရန် ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆို လိုက်ခြင်း ဖြစ်ပါသည်။

ယခု ဆွေးနွေးပွဲသည် လာမည့် မေလ (၂၈) ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီး နားမြို့ မနောကွင်းရှိ မဂျွယ် ခန်းမ၌ ကျင်းပမည် ဖြစ်သည်။

တက်ရောက်မည့် အစိုးရ ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးဝင်းထွန်း၊ ဦးအုန်းမြင့်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်ကြမည်ဖြစ်သည်။

အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး ကိုယ်စားလှယ်များ အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ တက်ရောက်မည်ဖြစ်ပြီး ကချင်ပြည်နယ် အစိုးရ ဖက်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ၊ အရှေ့ မြောက်တိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်တို့ အပါဝင် ဝန်ကြီးချုပ် ဦးလဂျွှန်ငန်ဆိုင်း၊ ဦးဇော်ဝင်း၊ ဒေါ်ဒွဲဘူနှင့် ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တို့ တက်ရောက်မည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဦးသီဟန်မျိုးညွှန့်၊ ဒေါက်တာ မင်းဇော်ဦး၊ ဒေါက်တော ကျော်ရင်လှိုင် တို့ လည်း တက်ရောက် ကြမည်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များက ဆိုပါသည်။

KIO ကိုယ်စားလှယ်များမှာ ပြီးခဲ့သည့် တရုတ်နိုင်ငံ ရွှေလီ ဆွေးနွေးပွဲတွင် တက်ရောက် ခဲ့ကြသည့် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သည့် ကိုယ်စားလှယ်များ အားလုံးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီး အချို့ တက်ရောက် ကြမည်ဖြစ်ပြီး ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်ခြင်း ရှိမရှိကိုမူ မပြောနိုင်သေးကြောင်း KIO စစ်ရုံးချုပ် အရာရှိ တစ်ဦးက ဆိုပါသည်။

ထို့အပြင် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့် အခြား အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များမှ ကိုယ်စားလှယ်နှစ်ဦးစီ KIO မှ ဖိတ်ကြား ထားပါသည်။

သို့သော် လာမည့် ဆွေးနွေးပွဲသို့ တက်ရောက်ကြမည့် အစိုးရ ကိုယ်စားလှယ်များ ထဲတွင် ပြီးခဲ့သည့် ၂၀၁၂ မေလ (၃) ရက်နေ့၌ သမ္မတ၏ အမိန့် အမှတ် ၁၂/၂၀၁၂ ဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ အဖွဲ့ဝင်များ အနည်းငယ်သာ ပါရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။

ဤသို့ကြောင့် တက်ရောက်လာသည့် အစိုးရ ကိုယ်စားလှယ်များ အခြေအနေကို အကဲခတ်ပါက လာမည့် ဆွေးနွေးပွဲသည် ထိရောက်ပြီး ခိုင်မာမှုရှိသည့် တာဝန်ခံမှု အပိုင်း၌ အားနည်း နေမည်ဖြစ်ကြောင်း KIA စစ်ရုံးချုပ် အရာရှိ တစ်ဦးမှ ဆိုပါသည်။

“ ကြည့်ရတာ အစည်း အဝေးမှာ တစ်ခုခု ဆုံးဖြတ်လိုက်ပြီး ဆိုလို့ ရှိရင် ကော်မီတီဝင်တွေ အားလုံး မပါလို့ မစုံလို့၊ အကြောင်းပြတာမျိုး ဒါမှ မဟုတ် ဆွေးနွေးပြရုံဘဲ ပြပြီး ပြန်သွားတာမျိုးလဲ ဖြစ်နိုင်တယ်၊ သူတို့က ဆွေးနွေးချက်တွေ အပေါ် ခိုင်မာတဲ့ တာဝန်ခံမှုတွေ အပိုင်းမှာ အားနည်း နေလိမ့်မယ် ထင်ပါတယ်” ဟု စစ်ရုံးချုပ် အရာရှိက ထောက်ပြခဲ့ပါသည်။

ထို့ပြင် နှစ်ဖက် ဆွေးနွေးကြမည့် ကိစ္စ၌လည်း ပြီးခဲ့သည့် ရွှေလီ ဆွေးနွေးပွဲ သဘော တူညီချက်ကို အခြေခံ ဆွေးနွေးမလား၊ အစိုးရက ချမှတ် ထားသည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု အကောင်အအထည် ဖေါ်ရေး အခြေခံမူ (၈) ချက် မူဘောင် အပေါ်တွင် အခြေခံမလား ဆိုသည်ကို တိတိကျကျ မရှိသေးဟု ၄င်းအရာရှိမှ ပြောပါသည်။

ဤကိစ္စနှင့် ပါတ်သက်ပြီး မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ ဦးလှမောင်ရွှေနှင့် ဒေါက်တာ မင်းဇော်ဦးတို့ထံ ဆက်သွယ် ခဲ့သော်လည်း ပြန်လည် ဖြေကြားမှု မရှိခဲ့ပေ။ ဤသို့ကြောင့် လာမည့် ဆွေးနွေးပွဲအတွက် KIO နှင့် အစိုးရတို့ အကြား ကြိုတင် ညှိနှိုင်းရာတွင် မရှင်းမလင်း ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။

ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦး ကမူ ယခု အကြိမ် ဆွေးနွေးပွဲသည် ပြီးခဲ့သည့် ရွှေလီ ဆွေးနွေးပွဲမှ သဘော တူညီချက်ကို အခြေခံ၍ ဆွေးနွေး သင့်သည်ဟု ယူဆကြောင်း၊ စစ်ရေး ကိစ္စများတွင်လည်း ယုံကြည် စိတ်ချရသည့် “စစ်ရေး စောင့်ကြည့်ရေး အဖွဲ့” တစ်ခု ဖွဲ့စည်း သွားရန် ဆွေးနွေး သင့်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင် ခွန်ဂျာမှ အကြံပေး ခဲ့ပါသည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ အနေဖြင့်မူ အဆင့် (၃) ဆင့်ပါ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်ကို တင်ပြ ထားပြီး ဖြစ်ပါသည်။ နှစ်ဖက် စစ်ရေး အရှိန်လျော့ချရန် အကြိမ်ကြိမ် ဆွေးနွေး ခဲ့ပြီး ဖြစ်သော်လည်း ကချင် လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရ တပ်တို့ အကြား ကနေ့ အထိပင် နေ့စဉ်နှင့် အမျှ ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွား နေလျက် ရှိပါသည်။

No comments: