Friday, May 10, 2013

RCSS/SSA နှင့် အစိုးရတပ်တို့ အကြား အနည်းဆုံး ၅ နေရာခန့်တွင် တိုက်ပွဲဖြစ်ပွား

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် RCSS / SSA အမှတ် ရ၀၁ စစ်ဒေသ အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မရွာ အနီးသို့ အစိုးရ တပ်များ ချဉ်းကပ်ထိုးစစ်ဆင်လာရာ ယနေ့နံနက် ၄ နာရီကျော်ခန့်က မူစယ်နှင့် နမ့်ခမ်းမြို့များအတွင်း အနည်းဆုံး နေရာ ၅ ခုခန့်တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

နမ့်ခမ်းမြို့နယ် နောင်မ ၊ ကွန်ဟိုင်း ၊ မန့်ကွန် ၊ နောင်ခမ်းနှင့် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ရ မိုင်ခန့်အကွာရှိ ကျိန်းစမ်းကျော့ရွာအနီး နေရာများတွင် ဖြစ်ပွားခဲ့ကြောင်း RCSS/SSA အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

“အဲဒီ ရွှေလီမြစ်ကူးတို့ဆိပ်နားကရွာတွေမှာ ဖြစ်တာပေါ့။ ဟို ကူးတို့ဆိပ် အခွန်ကောက်တဲ့စခန်းနေရာတွေ အနည်းဆုံး ၄ နေရာ ၅ နေရာလောက်မှာ ဖြစ်တယ်။ လောလောဆယ် တိုက်ပွဲရပ်နေတယ်။ အစိုးတပ်တွေ ဆုတ်သွားတာတော့မဟုတ်ဘူး။ ခဏနားသွားတဲ့သဘောပဲ ” ဟု ၄င်းနီးစပ်သူက ဆိုသည် ။

ယနေ့ နံနက်အစောပိုင်းက မူစယ် ၁၀၅ မိုင်အနီး ကျိန်းစမ်းကျော့လမ်းတွင် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကားအသွားအလာ များ ခေတ္တမျှရပ်ဆိုင်း သွားပြီး ယခုအခါ ကားများပုံမှန်ပြန်လည် သွားလာနေပြီဖြစ်ကြောင်း ကုန်သည်များ အဆိုအရ သိရ သည် ။

နှစ်ဘက်တိုက်ပွဲများကြောင့် ရာချီရှိသည့် ကျေးရွာသားများ တရုတ်နယ်စပ်နှင့် နမ့်ခမ်းမြို့အတွင်းသို့ ၀င်ရောက်ခိုလှုံမှုများ ရှိနေရာ ၄င်းနီးစပ်သူက ဆက်ပြောရာတွင် - “ နောင်တိန်းရွာကတော့ မနက်ကတည်းက ရွာလုံးကျွတ်ပြေး သွားကြပြီ။ မန့်ကွန်ရွာက အခုအထိ ပြေးနေကြတုန်းပဲ ။အဲဒီတိုက်ပွဲဖြစ်တဲ့ရွာတွေအကုန်ထွက်ပြေးကုန်တာပေါ့ ။နမ့်ခမ်းမြို့မှာ ဆိုရင် ဇေယျသုခ ကျောင်းတိုက်ကို လူဦးရေ ၁၀၀ ကျော်ရောက်လာတယ် ။ တချို့ကလည်း နီးစပ်တဲ့ဆွေမျိုးတွေဆီမှာ ခိုလှုံကြ တယ် ” ဟု ဆိုသည် ။

No comments: