Friday, May 10, 2013

ရှမ်းပြည် မြောက်ပိုင်းမှ RCSS/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်

အဲာပိုန်

အစိုးရ တပ်ဖွဲ့ များသည် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း အခြေချ တပ်စွဲ ထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၏ အမှတ် ၇၀၁ စခန်းကို ယနေ့ နံနက် ၄ နာရီ အချိန်တွင် ဝင်ရောက် တိုက်ခိုက် သွားသည်ဟု RCSS/SSA အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆိုပါသည်။

“ ကျနော် တို့ကို ၀င်တိုက်တဲ့ အဖွဲ့ ကတော့ အင်အား ၄၀၀ လောက် ရှိတဲ့ အစိုးရ ခလရ ၁၄၅ တပ်ဖွဲ့တွေဖြစ်တယ်။ တိုက်ပွဲ ကတော့ ညနေ (၅) နာရီ အချိန်ထိ ဖြစ်နေတုန်းပါ။” ဟု ဆိုပါသည်။

RCSS/SSA အမှတ် ၇၀၁ စခန်းသည် နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာ အနီး၌ ရှိပြီး အစိုးရ တပ်ဖွဲ့ စကခ ၁၆ လက် အောက် ခံ ခလရ ၁၄၅ တပ်ဖွဲ့မှ ၄င်းစခန်းကို သိမ်းပိုက်ရန် ၀င်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ယင်းတိုက်ပွဲတွင် RCSS/SSA ဘက်မှ တပ်သား တစ်ဦး ကျပြီး၊ အစိုးရ တပ်ဖွဲ့ ဘက်မှ ၁၁ ဦး ကျဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိ သွားကြောင်း RCSS/ SSA က ဆိုပါသည်။

ဤတိုက်ပွဲ မတိုင်ခင် ပြီးခဲ့သည့် မေလ (၂) ရက်နေ့ တွင်လည်း အစိုးရ တပ်ဖွဲ့တို့သည် ရှမ်းပြည် မြောက်ပိုင်း မူဆယ် ခရိုင်တွင် ရှိသည့် RCSS/ SSA အမှတ် ၇၀၁ လက်အောက်ခံ တင်းခါး စခန်း တခုအား ဝင်ရောက် မီးရှို့ခဲ့ပါသည်။ ဤစခန်း မီးရှို့နိုင်ရေး အတွက် အစိုးရ တပ်များသည် ပျောက်ဆုံး သွားသည့် ၄င်းတို့၏ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် ၄ ဦးကို ရှာဖွေရန်ဟု အကြောင်းပြပြီး ၀င်ရောက် ရှာဖွေ လိုကြောင်း တောင်းဆိုရာမှ ခွင့်ပြု လိုက်သဖြင့် မီးရှို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့ ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ နေရာ သည်လည်း အပစ်အခတ် ရပ်စဲရေး မတိုင်ခင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့ ကတည်းက ဆုတ်ခွာ ပေးရန် အစိုးရ ဘက်က တောင်းဆို ထားသည့် နေရာဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆိုပါသည်။

“ သူတို့ လိုချင်တာက RCSS တပ်တွေ ရှမ်းပြည် တောင်ပိုင်း ဘက်ကို ပြောင်းရွေ့လာဖို့ ပြောပါတယ်။ ကျနော်တို့က အရင် ကတည်းက နေလာခဲ့တဲ့ နေရာတွေ ဖြစ်တဲ့ အတွက် ပြောင်းပေးဖို့ သဘော မတူ ခဲ့ဘူး။” ဟု ဆိုပါသည်။

အလားတူ ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာတွင် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) တပ်ဖွဲ့နှင့် အစိုးရ ကွတ်ခိုင် အခြေစိုက် ခလရ (၂၄၁) တို့ ယမန်နေ့ မေလ (၈) ရက် ညနေ (၃း၃၀) နာရီ အချိန်တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့သေးကြောင်း KIA ဘက်က ဆိုပါသည်။

ရှမ်းပြည် မြောက်ပိုင်း ဒေသသည် ကချင် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) အား စစ်ဆင်ရေး လျှော့ချပြီး နောက်ပိုင်း တိုက်ပွဲများ ပိုမို ပြင်းထန် လာခဲ့ ပါသည်။ RCSS နှင့် အစိုးရ တို့သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲ လာခဲ့ သော်လည်း တိုက်ပွဲပေါင်း (၅၀) ထက်မနဲ ဖြစ်ပွားခဲ့ပြီး ဖြစ်ပါသည်။

No comments: