နေနွယ်
မြေသားပေါ်တွင် သစ်သားဖြင့် ဆောက်ထားပါသည်။ အမိုးအကာအခင်းတို့၏ ထုသွင်လည်း ဖြစ်ပါသည်။ တူ၊ လွှ၊ ရွေဘော်၊ ဆောက်၊ ချိန်သီး၊ ကျင်တွယ်တို့နှင့် ရိုးရှင်းသည့် နည်းပညာကိုသာ သုံးစွဲထားခြင်းလည်းဖြစ်သည်။ အမိုးနှင့် နံရံတို့ထိစပ်ရာ မြင်းမိုရ်ပိတ်၊ ဆင့်တန်းနှင့် ကြမ်းခင်းတို့ထိစပ်ရာတို့သည် သဘာဝနှင့်လျော်စွာ လေသမခွင့်ရနေသည်။ အပူပိုင်းဇုန် သစ်တောထွက်ပစ္စည်းများနှင့် သာမန်အဖြူထည်ဆန်သော အိမ်အိုတစ်လုံးမျှသာ ဖြစ်သည်။
တံခါးများ ရှိသည်။ ကျွန်တော်က မျှော်လင့်၍၊ ကျွန်တော့်ကိုလည်း ပြန်လည် မျှော်လင့်ရာများ ရှိနေသည်။ အဖွင့်အပိတ် လွတ်လပ်သောတံခါးများနှင့် ထိုမျှော်လင့်ရာများတော့ ကျွန်တော် လေးနက်စွာ လေးနက်
နေမိပါသည်။
မိုးစက်၊ လရောင်၊ တေးဂီတနှင့် တစ်ခါတစ်ရံ ပျင်းရိမှုများစီးဆင်းရာ တံစက်မြိတ်အောက်နားမှာတော့ အိမ်စိုက်အပင်များ ရှိနေသည်။ အာဖရိက ခရမ်းရောင်တစ်ပွင့်နှစ်ပွင့်။ ကန္တာရဆူးပင် တစ်ပင်နှစ်ပင်၊
လေရှူမြစ်နှင့် သစ်ကပ်နွယ် တစ်နွယ်နှစ်နွယ်၊ နေရောင်ကျလျှင် အရွက်လှသည့် အရိုးမာရွက်လှ တစ်ရွက်နှစ်ရွက်၊ တစ်စိတ် နှစ်စိတ်ကနေ တစ်ခုယုတ် ကိုးဆယ်မကသည့် စိတ်တွေ၏ ဥဒ္ဓစ္စကို ထိုးစိုက်ထားနိုင်
သော မြေပန်းအိုးက တစ်အိုး၊ နှစ်အိုး။ စိတ်မပါဘဲရာသီလဲ အချိန်လဲပြီး လဆန်းပက္ခ၊လဆုတ်ပက္ခ၊ စန္ဒမာသ၊နေ့၊ ည တစ်လကနေတစ်လပြောင်း၍ လဲခဲ့ရပြီ။
သစ်ပင်တွေပေါ်က နေရောင်ခြည်မှာ ခရမ်းရောင်တွေကလည်း များစပြုနေပြီ။ ဒါပေမဲ့ သစ်ရည်တွေကတော့ တက်ဆဲ။ ကျွန်တော်တို့ကိုလည်း အပူဒဏ်တွေကတော့ ဖိစီးဆဲ။ ဒါပေမဲ့ ကျွန်တော့်အိမ်မှာ ခပ်စောက်စောက် အိမ်ခေါင်မိုးရှိသည်။ အရိပ်အေး ရှိပါသည်။ စိတ်ကျရောဂါကို ကာကွယ်နိုင်သည့် ဖျဉ်ကုလားထိုင်လေးလည်း ရှိပါသည်။
ရယ်သံ၊ မျက်ရည်၊ ဝန်တိုစိတ် အနည်းငယ်နှင့် ငွေသားအနည်းငယ် ရှိပါသည်။ ကလေးကစားစရာ၊ ပုံဆွဲကိရိယာနှင့် ဖဲကြိုးဝါ သီချင်း လည်း ရှိပါသည်။ ပြုလုပ်တပ်ဆင်ထား သော အပြုံးများ မရှိပါ။ စန္ဒရားနှင့် အမေလည်းမရှိပါ။ စုဘူး၊ ဘောဂဗေဒသင်ခန်းစာ၊ ပါတီဝင်ကတ်ပြားနှင့်အာဏာတို့ မရှိပါ။ မော်တော်ကား လည်း မရှိ။ သေနတ်မရှိ။ ကျွန်တော့် အမိ တ်ွင် ကျွန်တော်လည်း မရှိပါ။
ဗုဒ္ဓရုပ်ပွားတော်၊ သမ္မာကျမ်းစာနှင့် ကျောက်ပုံနှိပ်ပန်းချီကားများတော့ ရှိပါသည်။ သူ့သဘောသူဆောင်ရန် အခွင့်အရေးရတတ်သော်လည်း ကျွန်တော့်သဘောနှင့်သာ ယူဆောင်တတ်ခဲ့သော ဘာသာတရားနှင့် ပုံဆွဲပညာ အထုံလေ့ပါလာသော ကျွန် တော့်မိန်းမလည်း ရှိပါသည်။
ကျွန်တော်တို့ ပေးစွမ်းသမျှထဲက ရွေးနိုင်စွမ်းသော အတတ်နှင့် ကြီးပြင်းလာမည့် ရှစ်ဆယ်ခုနှစ်အလွန်မှာမွေးသောကလေးလည်း ရှိပါသည်။
ထိုအမိုးတစ်ခုအောက်မှာ ကျောင်းစာနှင့်ဂျယ်လီ၊ သနပ်ခါးနှင့်ထဘီ၊ ဆန်အိုးနှင့် ဗမာငွေ၊ ဘာသာစကားနှင့် လမ်းလျှောက် သင်ဖိနပ်၊ ထိုအရာတို့နှင့်အတူ အမိုးတစ်ခုတည်းမှာ ကျွန်တော့်သွေးသားများ နေထိုင်ကြပါ သည်။ ကျွန်တော်၏ မိန်းမကိုလည်း စိတ်ကြီးဝင်စွာ ကျွန်တော့်နံရိုးတစ်ချောင်းနှင့် ပြုလုပ်မထားရပါဘဲ ကျွန်တော့်သွေးသားဟု ထင်မှတ်နေမိပါသည်။
ကျွန်တော်တို့သွေးထဲတွင် ကစီဓာတ်၊ အသားဓာတ်နှင့် သံဓာတ်တို့သာ ပါဝင်သည်ဟု ထင်နေတတ်ကြပါ သည်။ ကျွန်တော်တို့ သွေးများထဲတွင် အိမ်များလည်း ပါဝင်နေ တတ် ပါသည်။ ထိုအိမ်ထဲတွင် သက်စောင့် ဓာတ်များပါရှိ၍ လိုအပ်သောအားကိုလည်း ဖြစ်စေရပါသည်။ ထိုအားကိုဖြစ်စေသော အာဟာရများကို သွယ်ဝိုက်၍ ယဉ်ကျေးမှုဟုလည်းခေါ်ကြသည် ထင်ပါသည်။
ထိုယဉ်ကျေးမှုနှင့် တစ်အိမ်တည်းသားဖြစ်သော ချိုသာသည့်ရှယ်လီ၊ ပြင်းရှသည့် မာယာကော့ဖ်စကီး၊ပေါက်ကွဲသည့် ဒိုင်လန်သောမတ်စ်၊ ခိုင်မတ်သည့် ဘီရိုပတ်စ်၊ တရား လည်းရှိ အချစ်လည်းရှိသည့် ရှင်မဟာရဋ္ဌသာရ၊ အသက်လည်းရှည် အတ္ထုပ္ပတ္တိလည်းရှည်သည့် အဘိုးသခင်ကိုယ်တော်မှိုင်း၊ မျက်လုံးအိုပေမယ့် အတွေးမအိုသည့် ဒဂုန်တာရာ၊ အသက်မရှည်ပေမယ့် ဆံပင်ရှည် လက်တံရှည်ခဲ့တဲ့ ဖော်ဝေးနှင့် စာအုပ်ကြိုက်သည့် ငွေပြာရောင် ပိုးကောင်သေးသေးလေးတို့သည် ကျွန်တော့်စာအုပ်စင်မှာ နေကြပါသည်။
စာအုပ်စင်သည် သူတို့နေရပ်ဆိုလျှင် သူတို့အိမ်သည် ကျွန်တော့်အိမ်ထဲမှာ ရှိနေပါသည်။ ပင့်ကူ၊ ပုရွက်၊ နဂျယ်အိမ်တို့သည်လည်း အိမ်ထဲမှအိမ်များပင် ဖြစ်ကြပါသည်။
ပိုးကောင်ငယ်လေးများ ယဉ်ကျေးမှုသည်လည်း သူတို့အိမ်များနှင့် ဆက်စပ်နေနိုင်ပါသည်။ ကျွန်တော့်အိမ်သို့ စာပေ၊ နိုင်ငံရေး၊ အချစ်နှင့် အရက်တို့လာရောက် လည်ပတ်သောအခါ အိမ်ရှင်ပီသစွာ လက်ခံရပါ လိမ့်မည်။ အရက်ကို အရက်လိုသောက်၍ အချစ်ကို အချစ်လိုချစ်ရပါလိမ့်မည်။ နိုင်ငံရေးကို ပြဇာတ်လိုကသော၊ စာပေကို ကြွေးကြော်သံလိုတိုင်တည်သော ဧည့်သည်များကိုတော့ ကျွန်တော့်အိမ်ဖြစ်ကြောင်း သတိပေးရ ပါလိမ့်မည်။ ကျွန်တော်သည် ပိုးကောင်ငယ်မဟုတ်၊ သိပ်ယဉ်ကျေးလွန်းသူ မဟုတ်ပါ။ ကြီးမားသော ဒါမှမဟုတ်၊ ကြီးမားသည်ဟု သရုပ်ဆောင်ထားသော ကိုယ်ထည်များအတွက် ကျွန်တော့်ဧည့်ခန်း၏အတွင်း ဟင်းလင်းပြင်နှင့် ဆံ့မည်မထင်ပါ။ ကျွန်တော့်အိမ်က သေးတာလည်း ပါသည်။ ၁၇ ရာစု ဗာဆိုင်းနန်းတော်ကြီးလို လေးထောင့်မားမားထုနှင့် ထည်နှင့် လည်းမဟုတ်ပါ။ ထို့ကြောင့် သူရဲကောင်းကြီးများအတွက် အနေကျုံ့နိုင်ပါသည်။
ကောင်းကင်ဘုံကို ထိုးထွက်နေသည့် အမိုးချွန်များနှင့် ဂေါသစ်လက်ရာလည်း မဟုတ်ပါ။ ထို့ကြောင့် စင်းလုံးချော သူတော်စင် များအတွက် ခေါင်းမော့နေရန် အခက်အခဲရှိပါသည်။ မိုးမျှော်တိုက်များလိုလည်း အထပ်မများပါ။ ထို့ကြောင့် နောက်လိုက်သင်းပင်းများသူများ နေရာစေ့ငှမည် မထင်ပါ။ ကျွန်တော့်အိမ်သည် အရသာရှိချင်သော သမီးလေး၏ ရယ်မောသံမျှဖြင့် လုံလောက်သော၊ တစ်ယောက်နှင့်တစ်ယောက် အဖြောင့်တိုင်းတာနိုင်သော အကျယ်အဝန်းမျှသာရှိသည့် သာမန်အိမ်ငယ် ဖြစ်ပါသည်။
အကြောင်းအရာပါအိမ်သည် ကျွန်တော့်တွင် နှစ်ဆောင်နှစ်လုံးဖြစ်နေ၊ ရှိနေပါသည်။ အိမ်တစ်လုံးသည်ပြင်ပတွင်ရှိနေ၍ အိမ်တစ် လုံးမှာ ကျွန်တော်နှင့်အတူ ရှိနေပါသည်။

No comments:
Post a Comment