Monday, June 10, 2013

ထားဝယ် ဒေသဖွံ့ဖြိုးရေး ထိုင်းပညာရှင်များ လာရောက်ဆွေးနွေး

ဖိုးသင်္ချာ

ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်ဒေသ နစ်နာမှုများ အရေးကို ပြန်လည် ဖြေရှင်းရန်မှာ စည်းလုံး ညီညွတ်စွာ နှင့် အကြမ်းမဖက်သည့် နည်းဖြင့်သာ ဖြေရှင်းပါမှ ထိရောက်မည် ဖြစ်သည်ဟု ထိုင်းလူ့အခွင့်အရေး ပညာရှင် ဆူလတ်ဆီဝါရတ်က ယမာန်နေ့၌ ထားဝယ် မြို့နယ် ကလုံးထာ ကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာ လူထုများအား ပြောဆိုခဲ့သည် ဟု ဒေသခံ ရွာသား တစ်ဦးက ဆိုပါသည်။

“ အခု တွေ့နေရတဲ့ လူ့အခွင့်အရေး ခံစားမှုတွေက ယခင်ကဆိုရင် ထိုင်းမှာလည်း ခံစားခဲ့ရဘူးပါတယ်။ အခုထားဝယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို စုစည်းပြီးတော့ လိုအပ်ရင် အာဆီယံ လူ့အခွင့်အရေး အထိ တင်ပြသွားမယ်။ ဒါပေမဲ့ ကျနော်တို့ ညီညွတ်ဘို့ လိုမယ်၊ ပြီးတော့ အကြမ်းမဖက်ဖို့ လိုလိမ့်မယ်။ ဒါမှ အပြုသဘော ဖြေရှင်းရတာ လွယ်ကူလိမ့်မယ်။” ဟု ဆိုသွားကြောင်း ဆိုပါသည်။

ကလုံးထာ ကျေးရွာတွင် ကားလမ်းကြောင့် ကျေးရွာ ရေနစ်နေရသည့် အခြေအနေနှင့် စီမံကိန်းကြောင့် လယ်ယာခြံမြေ ပျက်စီးနေသည့် ကိစ္စများကို တင်ပြ ခဲ့ပါသည်။ ထိုင်းပညာရှင်များသည် ဤကဲ့သို့ လက်တွေ့ ကွင်းဆင်းပြီး၊ ယခု နစ်နာမှု များနှင့် အခြားသော နစ်နာမှုများကို မှတ်တမ်းတင် ခဲ့ပါသည်။

ဤနစ်နာမှုသည် ထားဝယ် ဒေသအတွက် အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပြီး၊ တခြား နစ်နာမှုများစွာ ရှိနေခဲ့ပါသည်။ ဤသို့ကြောင့် ထားဝယ်ဒေသ၌ ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖေါက်နေမှု အခြေအနေများကို အခြေခံပြီး ထိုင်းလူ့အခွင့်အရေး အဖွဲ့သည် မြန်မာ့ လူ့အခွင့်အရေး အဖွဲ့များနှင့် ပူးပေါင်းပြီး ထားဝယ်ဒေသ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ပြည်သူ့ ဆွေးနွေးပွဲ (Public Forum on Sustainable Development) ကို ယနေ့ ထားဝယ်မြို့တွင် ဆွေးနွေးခဲ့ပါသည်။

“ အစည်းအဝေးကိုတော့ ထားဝယ်မြို့၊ ဆိပ်ကမ်းသာ (၂) ခန်းမမှာ ဒီနေ့ (တနင်္လာနေ့) မနက် (၈) နာရီ ကနေ နေ့လည် (၁၂) နာရီ အချိန်အထိ ကျင်းပမှာ ဖြစ်တယ်။ အခုတွေ့နေရတာက ကလုံးထာ ကျေးရွာ တုန်းကတော့ အရပ်သား တွေရဲ့ နစ်နာမှုတွေ အတော်များများ တင်ပြခဲ့တယ်။ ဒါက တစ်နယ်လုံး မဟုတ်သေးဘူးဗျ၊ နဲနဲလေးပါ။ အခု ဒီဖိုရမ်မှာ တစ်နယ်လုံး အရေးနဲ့ ရှေ့အနာဂတ်အတွက် လုံခြုံတဲ့ အာမခံတွေ ပွင့်လင်းဖို့အတွက် ဘယ်လို လက်တွဲ ဆောင်ရွက်ကြမလဲ ဆိုတာ ဆွေးနွေးကြမှာပါ။” ဟုဒေသခံ တစ်ဦးက ဆိုပါသည်။

နိုင်ငံတကာမှ ယခုကဲ့သို့ အရေးယူ ဆောင်ရွက်လာသည့် အတွက် ပြီးခဲ့သည့် ရက်ပိုင်းတွင် ထားဝယ် အထူး စီးပွားရေးဇုန် အတွင်း ပါဝင်နေသော ကျေးရွာ (၇) ရွာမှ ဧက (၁၀၀၀၀) နီးပါး ရှိသည့် မြေယာများ ကင်းလွတ်ခွင့် ရလာခဲ့ပါသည်။ ထိုမြေကွက်များသည်၂၀၀၈ ခုနှစ်ထားဝယ် အထူး စီးပွားရေးဇုန် ဧရိယာ အတွင်း ပါဝင်နေသော သစ်တိုထောင့် ၊မင်းဒပ်၊ ကျောက်ဝှက်ကုန်း၊ ရလိုင်၊ ပိန်းရှောင်၊ ပုဂေါဇွန်း ၊မယင်းကြီး စသည့် ကျေးရွာများ ဖြစ်ပါသည်။

ဤကဲ့သို့ တိုးတက်မှု ရှိလာနေသဖြင့် ယနေ့ ကျင်းပသည့် (Public Forum on Sustainable Development) ဆွေးနွေးပွဲမျိုး များများ ကျင်းပရန် သင့်ပါသည်။ ဤဆွေးနွေးပွဲကို ဦးဆောင်နေသည့် ထိုင်းလူ့အခွင့်အရေး ပညာရှင် ဖြစ်သည့် ဆရာကြီး ဆူလတ်ဆီဝါရတ်သည် ၁၉၃၃ ခုနှစ်တွင် မွေးဖွားပြီး ထိုင်းနိုင်ငံတွင်း သာမက ဒေသတွင်း နိုင်ငံများရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများကြားတွင် သြဇာ ကြီးမားသော လူမှုရေး လှုပ်ရှားသူ ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် နိုဘယ်ဆုနှင့် အလားတူသော The Right Livelihood Award ကို ရရှိခဲ့ပြီး တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ဗီယက်နမ် ဘုန်းတော်ကြီးနှင့် ငြိမ်းချမ်းရေး လှုပ်ရှားသူ Thich Nhat Hanh စသော နာမည်ကျော် ဗုဒ္ဓဘာသာ ထိပ်သီး ခေါင်းဆောင်များနှင့် ပူးတွဲ တည်ထောင် ခဲ့သော နိုင်ငံတကာ ဗုဒ္ဓ ဘာသာဝင်များ ဆက်သွယ်ရေး ကွန်ရက် International Network of Engaged Buddhists (INEB) ၏ ဖခင်အဖြစ် အမေရိကန် ပြည်ထောင်စု နှင့် ဥရောပ နိုင်ငံများ အသိုင်းအ၀ိုင်းတွင် လူသိများသည်။

ဆူလတ်သည် နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ရေရှည် စီးပွားရေး ဖွံ့ဖြိုးမှု ဆိုင်ရာ စသည့် စာအုပ်ရာပေါင်း များစွာကို ထိုင်းနှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးသားခဲ့သည်။ သူသည် မြန်မာနိုင်ငံ ထားဝယ်ဒေသ စီးပွားရေး ဇုန်တွင် ရေရှည် ဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီး ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဆိုပါသည်။

No comments: