Mizzima
မြန်မာနိုင်ငံသည် စီးပွားရေးအတွက် ရေခံမြေခံကောင်းသော တိုင်းပြည် တစ်ပြည်ဖြစ်ရာ ဈေးကွက်ရှာဖွေ ကြသော ထိုင်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ယင်းနိုင်ငံအပေါ်ထားသည့် ခေတ်ဆွေးအမြင် သဘောထားများကို ပြောင်းလဲပစ် သင့်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ ထိုင်း သံအမတ်ကြီး ပီဆာနုစူဝန်နာ ဂျာတာက ပြောဆိုညွှန်ကြားထားသည်ဟု သည်နေးရှင်းသတင်းတွင် ဧပြီ ၂၈ ရက်က ရေးသားသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ အဓိက ဆူးညောင့်ခလုတ်မှာ သဘောထားအမြင်များပင် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။ ထိုင်း ရင်းနှီးမြှုပ်နှံသူများမှာ မြန်မာနိုင်ငံအပေါ် ကောင်းစွာ နားမလည်နိုင်သေး ကြောင်း၊ ၎င်းတို့၏ အမြင်တွင် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများ၊ လူမျိုးရေးပဋိပက္ခများနှင့် ချွတ်ခြုံကျ ဆင်းရဲမွဲတေမှုများရှိသည့် နိုင်ငံတစ်ခုအဖြစ်သာ အစွဲကြီးစွာ ရှုမြင်နေကြဆဲဖြစ်သည် ဟုလည်း ၎င်းက ထောက်ပြသည်။
လက်တွေ့တွင် မြန်မာနိုင်ငံသည် ပြန်လည်ထူထောင်ရေး ကနဦးလုပ်ငန်းစဉ်များမှတစ်ဆင့် စီးပွားရေးနှင့် နိုင်ငံရေး အခင်းအကျင်းများ ရုတ်ခြည်းပြောင်းလဲနေရာ သွားရောက်ရင်းနှီးမြှုပ်နှံမည့် သူများအတွက် အခွင့်အလမ်း သာနေကြောင်း ထိုင်းသံအမတ်ကြီး ပီဆာနုက ပြောသည်။
စီးပွားရေးသဘောအရ မြန်မာနိုင်ငံသည် ယခုနှစ်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှု (GDP) ကို ၉ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်မည်ဟုခန့်မှန်းပြီး ရေရှည်တွင်လည်းတိုးလက်နိုင်မည့် အလားအလာကောင်းရှိကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေအရ လက်ရှိတစ်နှစ်တာ အမေရိကန်ဒေါ်လာ ၈၅၀ (ဘတ် ၂၇၄၃၀) ရှိရာ မှ ၂၀၃၀ တွင် ဒေါ်လာ ၂,၀၀၀ မှ ၃,၀၀၀ ကြားထိရှိလာမည်ဟု အာရှဖွံ့ဖြိုးမှုဘဏ် (ADB) က ခန့်မှန်းထား သည်ဟု ပီဆာနုက ပြောသည်။
စိတ်ဝင်စားဖွယ်ရာ ကောင်းသည်က ပိတ်ဆို့မှုကာလများအတွင်း မြန်မာ့စီးပွားရေးသည် ဆက်လက် အား ကောင်းနေခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ ပြည်တွင်းနိုင်ငံရေး ပဋိပက္ခကာလအတွင်း ဖွံ့ဖြိုးမှုနှုန်းသည် အဆိုးဘက်သို့ ရောက်သွားခဲ့ရသည်ဟုလည်း ၄င်းက ပြောသည်။
မြန်မာနိုင်ငံရှိ မြို့ပြလမ်းမကြီးများပေါ်တွင် ယာဉ်ထူပြောပိတ်ဆို့ခြင်းများ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လှိမ့် ၀င်မှုရှိနေခြင်းတို့က မြန်မာ့စီးပွားရေး တိုးတက်မှု၏ ပြယုဂ်များပင် ဖြစ်သည်။
၎င်းအပြင် မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှု ပမာဏမှာလည်း များပြားနေသည် ဟုလည်း ပီဆာနုက ဆိုသည်။ လွန်ခဲ့သည် သုံးနှစ်အတွင်းက မြန်မာနိုင်ငံသို့ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု အရေအတွက်မှာ နှစ်သိန်း ရှိခဲ့သော်လည်း ယမန်နှစ်တွင် ဦးရေသည် ၁ ဒသမ ၆ သန်း အထိဝင်ရောက်ခဲ့ပြီး လက်ရှိနှစ်တွင် ၁ ဒသမ ၈ သန်းထိ ၀င်ရောက်လာလာမည်ဟု မျှော်လင့်ထားသည်။
ခရီးသွားလုပ်ငန်းက မဟာစီးပွားရေး အသီးအပွင့်ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပြင် အဒန် မင်ပင်လယ်အတွင်း ကျွန်းတစ်ကျွန်းရှိ ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သော မြိတ်မြို့မှာလည်း ရင်းနှီးမြှုပ်နှံမှု အတွက် ဆွဲဆောင်ရာနေရာတစ်နေရာ ဖြစ်သည်ဟုလည်း ထိုင်းသံအမတ်ကြီးက ပြောသည်။
ခရီးသည်ဝင်ရောက်မှု များပြားသော်လည်း မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ကောင်းမွန်သည့် စားသောက် ဆိုင်အရေအတွက်မှာ နည်းပါးနေကြောင်း ၎င်းက ဆိုသည်။
မြန်မာ့စီးပွားရေးဈေးကွက်ကို စိတ်ဝင်စားကြသည့် ထိုင်းခရီးသွား ကိုယ်စားလှယ်အသင်း (ATTA) အများ စုပါဝင်သည့် ထိုင်းကိုယ်စားလှယ် ၁၂၅ ဦးနှင့် ပီဆာနုတို့သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရန်ကုန်တွင် တွေ့ ဆုံစကားပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေရာ အထူးသဖြင့် ဟောင်ကောင်နှင့် တရုတ် ပြည်မကြီးတို့မှ ခရီးသွားများ ထိုင်းနိုင်ငံသို့ ၀င်ရောက်မှု ဦးရေကျဆင်းလာသည့်အတွက် ထိုင်းလုပ်ငန်းရှင် များအနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။ လာမည့်နှစ်တွင် ရုပ်လုံးပေါ်လာမည့် အာဆီယံစီးပွားရေး အသိုက်အ၀န်းအတွက် ပြင်ဆင်မှုအနေဖြင့် အိမ်နီးချင်း ဈေးကွက် များကို လေ့လာခြင်းလည်းဖြစ်ကြောင်း ထိုင်းကိုယ်စားလှယ်များ၏ လေးရက်ကြာ ခရီးကို ရည်ညွှန်းလျက် ATTA ဥက္ကဋ္ဌ စီစဒီဝချာချီဝါရာတာနာပွန်က ပြောခဲ့သည်။
မြန်မာ့ခရီးသွားလုပ်ငန်းသည် ထိုင်းရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေး အခွင့်အလမ်းကောင်းကြီး ဖြစ် ကြောင်း အဓိကအားဖြင့် ခရီးသွားဝန်ဆောင်မှုများနှင့် ဟိုတယ်တည်ဆောက်ရေး နယ်ပယ်တွင် စိတ်ဝင် စားမှု များပြားနေကြောင်း ဟိုတယ် နှင့် ခရီးသွားဝန်ဆောင်မှု စီးပွားရေးလုပ်ငန်းသည် ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွင် ရှေ့တန်းရောက်လာနိုင်ကြောင်း ATTA ဥက္ကဋ္ဌက ဆိုသည်။
ထိုင်းခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံသို့ လာရောက်လေ့လာခြင်းကို ကြိုဆိုကြောင်းနှင့် မြန်မာ့ခရီးသွား လုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် SM ခရီးသွားနှင့် သယ်ယူပို့ဆောင်ရေးမှဥက္ကဋ္ဌဖြစ်သူ ဦးမောင်မောင်ဆွေက ပြောသည်။
ပိုမိုရောက်ရှိလာမည့် ဧည့်သည်များကို ၀န်ဆောင်မှုပေးနိုင်ရန် ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့်ဟိုတယ်များ ဖွင့်နိုင်ရေးအတွက် မြန်မာ့ခရီးသွားလုပ်ငန်းတွင် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပါကြောင်း ဦးမောင် မောင်ဆွေက ဆိုသည်။
လက်ရှိကာလ၌ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဟိုတယ်အလုံးရေ ၁,၀၀၀ ရှိပြီး အခန်းပေါင်း ၂၈,၀၀၀ ခန့် ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ တိုင်းပြည်၏ အကြီးဆုံးမြို့ဖြစ်သော မြို့တော်ဟောင်း ရန်ကုန်မြို့ တွင် ဟိုတယ်ခန်းပေါင်း ၉,၀၀၀ ရှိပြီး ၄,၀၀၀ ခန့်သည် ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် များ ဖြစ်သည်။
ဟိုတယ်ရင်းနှီးမြှုပ်နှံမှုကို ဖိတ်မန္တကပြုကြောင်းနှင့် ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ဟိုတယ်များတွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ပြုထားပါကြောင်း ဦးမောင်မောင်ဆွေက ဆိုသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားဧည့်သည် ၀င်ရောက်မှုသည် ယခုနှစ်တွင် ယခင် နှစ်ထက်နှစ်ဆ ပိုပြီး ၃ သန်း အထိရှိလာမည်ဖြစ်ကာ၊ ခရီးသွားများ၏ ၆၀ မှ ၆၅ ရာခိုင်နှုန်းသည် အာရှမှခရီးသည်များ ဖြစ်နိုင်ကြောင်း ဦးမောင်မောင်ဆွေက သုံးသပ်သည်။
ထိုင်းနိုင်ငံသို့ ယမန်နှစ်က သွားရောက်လည်ပတ်ခဲ့သူ မြန်မာနိုင်ငံသားဦးရေ ၂၀၀,၀၀၀ ခန့်ရှိခဲ့ပြီး ယင်းတို့ အထဲမှ ၈၀,၀၀၀ နှင့်အထက်သည် ဆေးဝါးကုသရန် သွားရောက်ခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ရှမ်း ရိုးမခရီးသွားလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးလှအေးက ပြောသည်။
ထိုင်းနိုင်ငံတွင် ကမ္ဘာ့လှည့်ခရီးသည်များ ရေပန်းစားလူကြိုက်များသည့်နေရာများမှာ ဘန်ကောက်၊ပတ္တရား၊ ချင်းမိုင်နှင့် ဖူးခက် တို့ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပေါ်နေသော်လည်း ခရီးသွား လုပ်ငန်းကို ပိတ်ပင်တားမြစ်ထားမှု မရှိကြောင်း ထိုင်းသံအမတ်ကြီးက ပြောသည်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားများအတွက် ဗီဇာကန့်သတ်ချက် ရုပ်သိမ်းပေးခဲ့လျှင် လာရောက်သူ ဧည့်သည် ဦးရေသည် ငါးဆအထိ တိုးပွားလာနိုင်သည်ဟု ဦးလှအေးက ပြောသွားခဲ့သည်။
No comments:
Post a Comment