Friday, December 19, 2014

ကွန်တိန်နာပုံး ပြုတ်ကျရာ စက်ဘီးနင်းလာသူကို ပိမိ၍သေဆုံး

ဖြိုးဝေလင်း

အရှိန်မထိန်းနိုင်သည့် ကွန်တိန်နာယာဉ်က ယာဉ်တိုက်မှုဖြစ်ပွားပြီး တင်ဆောင်လာသည့် ကွန်တိန်နာပုံး ပြုတ်ကျရာ လမ်းဘေးတွင် စက်ဘီးနင်းလာသူအပေါ်သို့ ပိမိ၍ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီခွဲဝန်းကျင်က အင်းစိန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။

ဖြစ်စဉ်မှာ လှိုင်သာယာဘက်မှ အင်းစိန်ဘက်သို့ ယာဉ်မောင်း မင်းသူအေး မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်သည် အောင်ဇေယျ တံတားအဆင်း ကံဦးဘုန်းကြီးကျောင်း အနီးသို့အရောက် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး နီဆန်းကိုယ်ပိုင်ယာဉ်ကို တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တိုက်မိခဲ့ပြီး ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ကွန်တိန်နာပုံးပြုတ် ကျပြီးယာဉ်၏ ဝဲဘက်အခြမ်းမှ အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦး စီးလာသည့် စက်ဘီးပေါ်သို့ ပိမိခဲ့ခြင်း ဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးပေါင်း ကျပ်သိန်း ၂၀ ဖိုးခန့် ပျက်စီးသွားခဲ့ပြီး ကွန်တိန်နာပုံးပိမိခဲ့သည့် အမျိုးသားမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လူသေဆုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကွန်တိန်နာယာဉ် မောင်းမင်းသူအေးကို အင်းစိန်မြို့မ ရဲစခန်းက ယာဉ်(ပ) ၁၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်ကလည်း အောင်ဇေယျ တံတားအဆင်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ ကိုယ်ပိုင်ယာဉ်ပေါ်ပါ လူသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

No comments: