Thursday, December 18, 2014

ပဋိပက္ခဖြစ်ခဲ့သည့် ဖျက်ဆီးခံ လှိုင်သာယာကျူးကျော်တဲ တစ်ဝက်ခန့် ပြန်ဆောက်နေ

ခင်မြတ်မြတ်ဝေ

လှိုင်သာယာ မြို့နယ် စက်မှုဇုန် (၁) ရှိ မြစိမ်းရောင် ကုမ္ပဏီပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော်တဲအလုံး တစ်ထာင်ဖျက်ခံရပြီးနောက် ဒီဇင်ဘာ ၁၇ ရက်တွင် အလုံး ၅၀၀ ခန့် ပြန်လည်ဆောက်လုပ်နေသည်ဟု ကျူးကျော်တဲ ပြန်ဆောက်သူ ကိုမျိုးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့တွကတော့ တဲပြန်ဆောက်နေတယ်။ မနက်ကနေ ပြန်ဆောက်နေကြတာ အလုံး ၅၀၀ လောက် ပြန်ဆောက်နေကြတယ်။ ဒီမှာမနေတော့ ဘယ်မှာနေရမလဲ။ အိမ်ဆောက်တာတောင် ၄ရက်လောက်ပဲရှိသေးတယ်။ ဖျက်ခံရတယ်။ ရဲတွေကတော့ ကိုယ့်အထုတ် ကိုယ်ယူပြီး ထွက်သွားလို့ပြောတယ်" ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်က ကျူးကျော်တဲများကို မြစိမ်းရောင် ကုမ္ပဏီနှင့် ဝါဝါဝင်းကုမ္ပဏီတို့က ပူးပေါင်းကာ ဖျက်ဆီးခဲ့ပြီး ၁၆ ရက်တွင် ထပ်မံဖျက်ရန် လာရောက်စဉ် ကျူးကျော်နေထိုင်သူများနှင့် နှစ်ဖက်စလုံးက တုတ်၊ ဓားများ အသုံးပြုကာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် အခြေအနေ ပြန်လည်တည်ငြိမ်သွားပြီဟု လှိုင်သာယာ ရဲမှူးသန်းမြင့်ဦးက ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက မဇ္ဈိမကို ပြောသည်။

ပဋိပက္ခအတွင်း ကျူးကျော်တဲ လေးလုံးကို မီးရှို့ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ "ကျူးကျော်တဲ ၄ လုံးကို မီးရှိုးတာကို ကုမ္ပဏီပိုင်မြေထဲမှာ ဖြစ်တဲ့အတွက် ကုမ္ပဏီဘက်ကိုတော့ အမှုဖွင့်ခိုင်းထားတယ် ခုထိလာမဖွင့်သေဘူး။ လက်ရှိအချိန်ကတော့ တည်ငြိမ်သွားပါပြီ" ဟု ၎င်းကဆိုသည်။

အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးအပြည့်အဝ ချထားပြီး ကျူးကျော်သူများကို မိမိပိုင်ဆိုင်သည့် ပစ္စည်းများ သိမ်းဆည်၍ ကုမ္ပဏီ ပိုင်မြေပေါ်မှ ထွက်ပေးရန် တောင်ကြီးစခန်းမှူး ကိုယ်တိုင်သွားရောက်နေသည်ဟု လှိုင်သာယာ ရဲမှူးသန်းမြင့်ဦး ကဆိုသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁) အတွင်းရှိ ဝါဝါဝင်းကုမ္ပဏီပိုင်မြေကို မြစိမ်းရောင် ကုမ္ပဏီသို့ ရောင်းချခဲ့ပြီး မြစိမ်းရောင်ကုမ္ပဏီက အိမ်ရာစီမံကိန်းလုပ်မည်ဖြစ်၍ ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော် တဲအိမ်များကို ကုမ္ပဏီ နှစ်ခုပူးပေါင်း၍ ဖျက်သိမ်းရာမှ ဒီဇင်ဘာ ၁၆ရက် ညနေတွင် နှစ်ဖက် ပဋ္ဋိပက္ခ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

No comments: