Friday, December 19, 2014

အစိုးရ၏ နုတ်ကတိမှလွဲပြီး တိကျသော မူဝါဒမရှိ၍ ပြည်ပရောက် နိုင်ငံရေး အင်အားစုများ ပြည်တွင်းပြန်အခြေချရန် အခက်ကြုံ

ရွှေရည်ဝင်းထက်

ပြည်ပရောက် နိုင်ငံရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် အခြေချနေထိုင်ရန် သမ္မတက ဖိတ်ခေါ်ခဲ့သော်လည်း လက်တွေ့တွင် အစိုးရအဖွဲ့၏ နုတ်ကတိမှလွဲ၍ တိကျရှင်းလင်းသော မူဝါဒများမရှိ၍ တိုင်းပြည် အတွင်း ပြန်လည်ဝင်ရောက်ရေးနှင့် အခြေချနေထိုင်ရန် အဟန့်အတားများ ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)၊ ညီမျှခြင်းမြန်မာနှင့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်လိုသူများအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်က ကြေငြာချက် ထုတ်လိုက်သည်။

“အစိုးရသစ်လက်ထက်မှာ ပြည်တွင်းကို ပြန်လာဖို့ ဖိတ်ခေါ်တာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဒါပေမယ့် သိက္ခာရှိတဲ့ အိမ်ပြန်ခြင်းမျိုးပဲဖြစ်ချင်တယ်။ ကျွန်တော်တို့ ထွက်သွားတုန်းက နိုင်ငံရဲ့ ဒီမိုကရေစီရရှိဖို့ လုပ်ခဲ့ကြတာ။ ပြန်လာတော့လည်း ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကိုအသိအမှတ်ပြုပြီး ကိုယ်ယုံကြည်တဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေကို ဆက်လုပ်သွားဖို့ပါ"ဟု ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

ဒီဇင်ဘာ ၁၈ရက် နံနက် ဆယ်နာရီမှ ဆယ့်တစ်နာရီထိ ကုန်သည်လမ်းထောင့်နှင့် ၄၄ လမ်းထောင့်ရှိ မြန်မာမီဒီယာ စာကြည့်တိုက် တွင် ပြုလုပ်သော ပြည်ပရောက် နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့် အခြေချနေထိုင်ရေး အစိုးရမူဝါဒအပေါ် သဘောထားကြေညာချက် သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်း ဖြစ်သည်။

ထို့ပြင် ပြည်ပရောက် နိုင်ငံရေးအင်အားစုများ အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်မှုတွင် ဗီဇာရရှိမှု ကန့်သတ်မှုတွေနှင့် ကြုံတွေ့နေရပြီးအစိုးရဘက်မှ စောင့်ကြည့်မှုများလည်း ရှိနေဆဲဟု မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ပြောသည်။

မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသော နိုင်ငံရေးအတိုက်အခံ အင်အားစုများကို နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း၊ပြည်တွင်းတွင် အပြီးပြန်လည် အခြေချနေထိုင်လိုသူများကို နိုင်ငံရေး ကင်းစင်ကြောင်းနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်တော့မည် မဟုတ်ကြောင်း လက်မှတ်ထိုးခိုင်းခြင်းများ ရပ်ဆိုင်း၍ ဗီဇာကို ပစ်မှတ်ထား ကန့်သတ်ခြင်းများ မပြုလုပ်ပဲ အများနည်းတူ လွယ်ကူမြန်ဆန်စွာဗီဇာဆောင်ရွက်ပေးခြင်းလိုအပ်သည်ဟု ယင်းအဖွဲ့နှစ်ခုက တောင်းဆိုလိုက်သည်။

မိမိနှင့် နိုင်ငံရေးအမြင်ခံယူချက် မတူသူများကို ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် မပါဝင်နိုင်အောင် ကန့်သတ်ချုပ်ချယ်မှုများ မပြုလုပ်ရန်လိုကြောင်း စစ်အာဏာရှင် အဆက်ဆက် လက်အောက် ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အတွက် လှုပ်ရှားဆောင်ရွက်မှုများကြောင့် ပြည်ပသို့ ထွက်ခွာခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူများနှင့်အခြေချ နေထိုင်လိုသူများအားလုံးအတွက် စစ်မှန်သော ဒီမိုကရေစီ အခြေခံစံမှုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်အပေါ် အခြေခံသည့် ရှင်းလင်းတိကျသော မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

No comments: