Thursday, December 18, 2014

ဗိုလ်ရှုသဘင်တွင်ပြမည့် စစ်လက်နက် ပစ္စည်းများ နေပြည်တော်သို့ ရောက်ရှိ

ဝင်းကိုကိုလတ်

နိုင်ငံတော် သမ္မတအား လာမည့် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်မည့် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တပ်မတော်က အလေးပြုမည့် ဗိုလ်ရှုသဘင် အခမ်းအနားအတွက် စစ်လက်နက် ပစ္စည်းတချို့ နေပြည်တော်သို့ စတင်ရောက်ရှိလာသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောကြားသည်။

နေပြည်တော်ရှိ ဝန်ကြီးဌာနတစ်ခုမှ အရာထမ်းတစ်ဦးက “ကျွန်တော်တို့ ဌာနနားမှာတော့ တပ်မတော်က တင့်ကားတွေ ဗိုလ်ရှုခံအတွက် ကားတွေနဲ့ ချနေတာ ဒီနေ့နေ့လယ် ကတွေ့ရပါတယ်” ဟု ပြောသည်။

ဗိုလ်ရှုသဘင်အခမ်းအနားကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လွှတ်တော်အနီးတွင် ပြုလုပ်မည်ဖြစ်သဖြင့် တင့်ကား ခြောက်စီးခန့် ရာဇသင်္ဂဟ လမ်းမကြီးပေါ်တွင် ချနေသည်ကို ယနေ့တွေ့မြင်ရသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီး တစ်ဦးကလည်း ဗိုလ်ရှုခံသဘင်တွင် တပ်မတော် (လေ)မှ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်မတော်(ကြည်း)မှ တင့်ကားများ၊ သံချပ်ကာကားများ၊ တင့် ဖျက်လက်နတ်များအပြင် တပ်မတော် (ကြည်း၊ရေ၊လေ) စစ်ကြောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ စစ် ကြောင်းများကလည်း ချီတက်အလေးပြုကြမည်ဟု ဆိုသည်။

တပ်မတော်(လေ)မှ တိုက်လေယာဉ်များသည် တောင်ငူလေတပ်စခန်းမှလည်း ကောင်း၊ ရဟတ်ယာဉ်များ သည် အေလာလေတပ် တပ်စွယ်မှလည်းကောင်း ပျံသန်း၍ နိုင်ငံတော်သမ္မတအား အလေးပြုရန် လျာထား သည်ဟုလည်း ၎င်းက ပြောသည်။

၎င်းက “ထူးခြားတာက လူငယ်ကင်း ထောက်တွေပါလာမယ်။ အမျိုးသမီး ရဲတပ်ခွဲ တစ်ခွဲပါမယ်။ အခုတော့ နေပြည်တော်၊ ရွာတော်မှာ လေ့ကျင့်နေကြပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဗိုလ်ရှုသဘင်ကို ၁၉၅၀ ပြည့်နှစ်က ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်တွင် စတင် ကျင်းပကာ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်အထိ ၁၂ကြိမ်တိုင် ကျင်းပခဲ့သော်လည်း နှစ်ပေါင်း ၅၃ နှစ်ကြာ မကျင်းပဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ရှုသဘင်အတွက် ဘဏ္ဍာငွေ ကျပ် သန်း ၆,၀၀၀ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တောင်းခံခဲ့သော်လည်း နောက်ပိုင်းတွင် သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ပြောင်းလဲ တောင်းခံခဲ့ပြီး နေပြည်တော် လွှတ်တော် အဆောက်အအုံ တည်ဆောက်သည့် အေစီအီး ဆောက်လုပ်ရေး လုပ်ငန်းအား ဆောက်လုပ်ခွင့် ပြုခဲ့သည့်အတွက် ကိုယ်စားလှယ် တချို့က ဝေဖန်ခဲ့ကြသည်။

No comments: