Thursday, December 18, 2014

ရိုးရာယဉ်ကျေးမှုကပွဲ ရုံဝင်ကြေး လက်မှတ်ခ ပြောင်းလဲမည်ဟုဆို

ဖြိုး

အမျိုးသား ကဇာတ်ရုံတွင် နှစ်ပတ် တစ်ကြိမ် ဖျော်ဖြေတင်ဆက်လျက်ရှိသည့် ရိုးရာယဉ်ကျေးမှုကပွဲ ရုံဝင် ကြေးလက်မှတ် များကို ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်၍ ထိုင်ခုံနေရာအလိုက် ဈေးသတ်မှတ်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာ မြင့်ကြူက ပြောသည်။

စင်၏ရှေ့ဆုံးတန်းထိုင်ခုံများကို လက်မှတ်တစ်စောင်လျှင် ကျပ် ၃,၀၀၀၊ ဒုတိယ အထပ်တွင် ကျပ် ၂,၀၀၀ နှင့် အပေါ်ထပ်တွင် ကျပ် ၁,၀၀၀ သတ်မှတ်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

“တစ်ထောင်ပေးကြည့်တာချင်း အတူတူစင်ရှေ့မှာ ကြည့်ရတယ်။ အပေါ် ဆုံးထပ်မှာ ကြည့်ရတယ်ဆိုတာ မျိုး မဖြစ်ရအောင် နေရာအလိုက် လက်မှတ်ခဈေးနှုန်း ပြောင်းလဲသတ်မှတ်တာပါ” ဟု ၎င်းက ပြောသည်။

ယဉ်ကျေးမှုကပွဲများမှရရှိသည့် ဝင်ငွေများကို မန္တလေးတိုင်းရန်ပုံငွေတွင် အသုံးပြု မည်မဟုတ်ဘဲ ကဇာတ်ရုံ ပြုပြင်ထိန်းသိမ်းရန်၊ ဖျော်ဖြေ တင်ဆက်သည့် အနုပညာရှင်များကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်သည်ဟု ၎င်း က ဆိုသည်။

ရိုးရာယဉ်ကျေးမှု ကပွဲများကို ယဉ်ကျေးမှု တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများက နှစ်ပတ် တစ်ကြိမ် ဖျော်ဖြေတင်ဆက်ကြပြီးမူလက နိုင်ငံခြားသားဆိုပါက လက်မှတ်ခ ကျပ် ၁၀,၀၀၀၊ ပြည်တွင်းဆိုပါက ကျပ် ၁,၀၀၀ သတ်မှတ်ထားသည်ဟု ဆိုသည်။

အဆိုပါယဉ်ကျေးမှုကပွဲများကို အနုပညာဦးစီးဌာနနှင့် မန္တလေးမြို့ရှိ သဘင်အနုပညာရှင်များ ပူးပေါင်း၍ ရိုးရာအက အလှများသာမက တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများကိုလည်း အပတ်စဉ်ဖျော်ဖြေတင်ဆက် လျက်ရှိသည်။

“ကပွဲတွေက တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတယ်။ ကိုယ်မမြင်ဖူးတာတွေ၊ မသိတဲ့ ရိုးရာယဉ်ကျေးမှုတွေ ကို ကြည့်ရတဲ့အတွက် တန်ပါတယ်။ နောင်ကပွဲတွေကျရင်လည်း လူသိနည်းတဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုတွေ၊ သီချင်းတွေကို ဖျော်ဖြေတင်ဆက်ပေးရင် ပိုကောင်းပါတယ်” ဟု ကြည့်ရှုအားပေးသည့် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

No comments: