Saturday, December 20, 2014

ဖို့ဘ်မဂ္ဂဇင်း၏ စီးပွားရေး လုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံများ စာရင်း၌ အောက်ဆုံး ငါးနိုင်ငံတွင် မြန်မာပါဝင်

Mizzima

အမေရိကန်အခြေစိုက် နာမည်ကျော် ဖို့ဘ်မဂ္ဂဇင်း (Forbe) မှ ဒီဇင်ဘာ ၁၇ ရက်က ရွေးချယ်သော စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံသည် အောက်ဆုံး ငါးနိုင်ငံတွင် ပါဝင်ခဲ့သည်။

နိုင်ငံပေါင်း ၁၄၆ နိုင်ငံကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မြန်မာက အဆင့် ၁၄၃ ဆင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အောက်တွင် လစ်ဗျား၊ ချက်ဒ်၊ ဂူနီယာ နိုင်ငံတို့သာ ရှိခဲ့ခြင်းဖြစ်သည်။

ဖို့ဘ်၏ စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံများ စာရင်းတွင် ဒိန်းမတ်၊ ဟောင်ကောင်၊ နယူးဇီလန်၊ အိုင်ယာလန်၊ ဆွီဒင်၊ ကနေဒါ၊ နော်ဝေ၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ ဖင်လန်နိုင်ငံတို့ ထိပ်ဆုံး ၁၀ နိုင်ငံအဖြစ် အစဉ်လိုက် ရပ်တည်လျက်ရှိပြီး ကမ္ဘာ့ထိပ်သီးနိုင်ငံ များဖြစ်သော အမေရိကန်က အဆင့် ၁၈၊ ဂျာမနီက အဆင့် ၂၀ တွင်သာ ရှိခဲ့သည်။

အာရှထိပ်သီးနိုင်ငံများဖြစ်သော ဂျပန်က အဆင့် ၂၆၊ တောင်ကိုရီးယားက အဆင့် ၃၂၊ တရုတ်က အဆင့် ၉၇၊ အိန္ဒိယက အဆင့် ၉၃ တိုဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။

အာဆီယံဒေသတွင်း နိုင်ငံများတွင် ထိပ်သီး ၁၀ နိုင်ငံစာရင်းဝင် တစ်နိုင်ငံသာ ပါဝင်ခဲ့ပြီး စင်ကာပူက အဆင့် ၈၊ မလေးရှားက အဆင့် ၃၇၊ ထိုင်းက အဆင့် ၆၂၊ အင်ဒိုနီးရှားက အဆင့် ၇၇၊ ဖိလစ်ပိုင်က အဆင့် ၈၂၊ ဗီယက်နမ်က အဆင့် ၁၁၁၊ ကမ္ဘောဒီးယားက ၁၂၁၊ လာအိုက အဆင့် ၁၃၀ ရရှိခဲ့ပြီး မြန်မာနိုင်ငံက အဆင့်အနိမ့်ဆုံးသတ် မှတ်ခံရခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းကို ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးတိုးတက်မှု၊ စီးပွားရေးတည်ငြိမ်မှု၊ စီးပွားရေး လုပ်ကိုင်ရန်လွယ်ကူ လျင်မြန်မှု၊ ပြည်တွင်းဈေး ကွက် ပမာဏ၊ ကုန်သွယ်မှု ပမာဏ၊ အလုပ်သမားဈေးကွက် စသည်တို့ကို အခြေခံပြီး စိစစ်တွက်ချက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်သော စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံများ စာရင်းတွင်လည်း နိုင်ငံပေါင်း ၁၈၉နိုင်ငံအနက် အဆင့် ၁၇၇ ရရှိခဲ့သည်ဟု Doing Business 2015:Going Beyond Efficiency အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင် နိုင်စွမ်းရှိမှု ၂၀၁၄-၂၀၁၅ အစီရင်ခံစာတွင်လည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၄၄ နိုင်ငံ၌် မြန်မာနိုင်ငံက အဆင့် ၁၃၄ ရရှိပြီး နောက်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မြန်မာအစိုးရ ၉ ဒသမ ၁ ရာခိုင်နှုန်းရှိမည် မျှော်မှန်းထားပြီး ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ၈ ဒသမ ၅ ရာခိုင်နှုန်း၊ အာရှဖွံ့ဖြိုးရေး ဘဏ်က ၇ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြသည်။

No comments: