Thursday, December 18, 2014

တရားစီရင်ရေးစနစ် တိုးတက်စေရန် တရားသူကြီးများကို သင်တန်းပေးမည်

မင်းမင်း

ပြုပြင်ပြောင်းလဲရန် အထူးလိုအပ်နေသည်ဟု ဝေဖန်ခံနေရသည့် မြန်မာ့ တရားစီရင်ရေးစနစ် တိုးတက်စေရန် တရားသူကြီးများကို သင်တန်းများတိုးမြှင့်ပို့ချပေးမည့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း တစ်ရပ်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဒီဇင်ဘာ ၁၇ ရက်တွင် သတင်း ထုတ်ပြန်လိုက်သည်။

ယင်းစီမံကိန်းတွင် အထူးအရေးကြီး လုပ်ငန်းစဉ်အဖြစ် တရားသူကြီးများအတွက် သာတူညီမျှမှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ သင်တန်းများ ပို့ချပေးမည်ဖြစ်သလို တရားရုံးဝန်ဆောင်မှု လုပ်ငန်းများကို အလွယ်တကူ လက်လှမ်းမီနိုင်ရန် ပြည်သူများ သတင်းအချက် အလက်ရယူနိုင်သည့် ကောင်တာများ ထားရှိပေးခြင်းနှင့် မှုခင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မှု တိုးတက်လာစေရန် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များ ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တရားစီရင်ရေးစနစ် တိုးတက်စေရန် တရားသူကြီးများကို သင်တန်းပို့ချပေးမည့် အစီအစဉ်ကို ရှေ့နေတစ် ဦးဖြစ်သူ ဦးသိန်းသန်းဦးက “ဒီဟာကတော့ ကြိုဆိုရမှာပေါ့ဗျာ။ ကောင်းတဲ့အချက်ပါပဲ” ဟု ကြိုဆိုလိုက်ပြီး “တစ်ဖက်ကလည်း လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဖြစ်ဖို့ အုပ်ချုပ်ရေး အာဏာပိုင်တို့၊ ဥပဒေပြုရေးတို့က ၀င်ရောက် စွက်ဖက်တာမျိုးကတော့ မရှိသင့်တော့ပါဘူး” ဟု ၎င်းက ထောက်ပြသည်။

လက်ရှိ တရားစီရင်ရေးမဏ္ဍိုင် အပါအ၀င် အုပ်ချုပ်ရေးမဏ္ဍိုင်တို့တွင် လာဘ်ပေး၊ လာဘ်ယူမှုများ ယခင်ကဲ့သို့ ဗြောင်ကျကျ မရှိတော့သော်လည်း လုံးဝပပျောက်ခြင်း မရှိသေးဟုလည်း ၎င်းက သုံးသပ်ပြောသည်။

“လက်ရှိ တရားစီရင်ရေးစနစ်က ပြောင်းသင့်ပါပြီဗျာ။ အခုက ငွေများတရား နိုင်ဆိုသလိုပါပဲ” ဟု အမွေခွဲဝေရေး ကိစ္စဖြင့် တရား ရင်ဆိုင်နေရသူ တစ်ဦးက ပြောသည်။

မဟာဗျူဟာစီမံကိန်း၏ အဓိက မျှော်မှန်းချက်အဖြစ် အများပြည်သူယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့် မြန်မြန်စီရင်ဆုံးဖြတ်ရေးနှင့် တရားရုံးများ၏ ဂုဏ်သိက္ခာ မြှင့်တင်ရေးစသည်တို့ကို အောင်မြင်မှု ရရှိစေရန် ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစီမံကိန်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မဟာဗျူဟာစီမံကိန်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီက ကြီးကြပ်မည်ဖြစ်ပြီး ကော်မတီက တရားရုံးများသို့ ကွင်းဆင်း၍ တရားရုံးအသုံးပြုသူများ၏ စိတ်ကျေနပ်မှု အခြေအနေများကို ဆန်းစစ်လေ့လာခြင်းနှင့် ကိန်းဂဏန်းအချက် အလက်များကို ဆန်းစစ်မည် ဖြစ်သည်။

No comments: