Thursday, December 18, 2014

အစိုးရနှင့် NCCTတို့ တွေ့ဆုံခါနီးအချိန် ရှမ်းနှင့် ကချင်တွင် တိုက်ပွဲတည်ငြိမ်နေ

ဖနိဒါ

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ယခုလအတွင်း တွေ့ဆုံရန် သဘောတူပြီး ချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ မရှိဘဲ တည်ငြိမ်နေသည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က မဇ္ဈိမကို ပြောသည်။

“ဒီနေ့တော့ တိုက်ပွဲ မရှိဘူး။ ကျွန်တော်တို့နဲ့က ၁၃ ရက်နေ့ထိ တိုက်ပွဲဖြစ်တယ်။ အစိုးရစစ်တပ်က လှုပ်ရှားမှုတော့ ရှိတယ်။ ဒါပေမဲ့ ထိတွေ့မှုမရှိလို့ ရင်ဆိုင်တိုက်ပွဲ မဖြစ်တာ။ အစိုးရ စစ်တပ်ကတော့ ဟိုဘက်ဒီဘက် နီးနီးကပ်ကပ်မှာ နေနေတာ။ တစ်ဖက်အဖွဲ့က လှုပ်ရှားလာရင်တော့ တိုက်ပွဲက အချိန်မရွေး ဖြစ်လာနိုင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ယင်းသို့ တိုက်ပွဲများ တည်ငြိမ်နေခြင်းသည် အစိုးရက စစ်ဆင်မှု ဆက်လက်ရှိနိုင်သလို၊ အစိုးရ စစ်တပ်မှ စစ်ကူနှင့် ရိက္ခာများ ပို့ဆောင်ရန် အခက်အခဲရှိခြင်းကြောင့် ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ တွေ့ဆုံဆွေးနွေးရန် ရှိ၍လည်း အခြေအနေ တည်ငြိမ်နေခြင်း ဖြစ်နိုင် သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခန့်မှန်းပြောကြားသည်။

“တိုက်ပွဲငြိမ်တယ်ဆိုတာ နှစ်မျိုးပဲရှိတယ်။ တစ်မျိုးက နောက်ထပ်စစ်ကူတွေ ပို့ဖို့ခက်လို့၊ ရှေ့ကို ရောက်နေတဲ့ လူတွေက ခဏငြိမ်တာပဲ ဖြစ်နိုင်တာပေါ့။ နောက်ကနေ အင်အားတွေ ဖြည့်ဖို့၊ ရိက္ခာတွေ ဖြည့်ဖို့ အခက်အခဲတွေရှိလို့ ခဏငြိမ်တာပဲ ဖြစ်နိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာကျွံနေတဲ့ ထိုးစစ်ဆင်နေတဲ့တပ်တွေက တော်တော်လေး အထိနာတယ်လို့ ကြားတယ်။ နောက်တခုက မကြာခင် ဆွေးနွေးပွဲအတွက် နည်းနည်းလေး ပတ်ဝန်းကျင်ကောင်းအောင်၊ မိုးလေဝသ ကောင်းအောင်ငြိမ်တာလည်း ဖြစ်နိုင်တာပေါ့”ဟု ခွန်ဥက္ကာက ပြောသည်။

အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား တပ်ပေါင်းစုများ ဖြစ်သော ရှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားတပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့နှင့်မူ ဒီဇင်ဘာလ ၁၅ ရက်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၁၆ နှင့် ၁၇ ရက်များတွင် တည်ငြိမ်နေခြင်း ဖြစ်သည်။

အစိုးရ စစ်တပ်ဘက်မှ ၎င်းတို့ တပ်ရှိရာဘက် ထိုးစစ်ဆင်ခြင်း မရှိခြင်းကြောင့် တိုက်ပွဲမဖြစ်ဘဲ တည်ငြိမ်နေခြင်း ဖြစ်သည်ဟု TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။

“အခုတိုက်ပွဲဖြစ်တာကလည်း အစိုးရ စစ်တပ်က တက်လာလို့၊ အစိုးရက မတက်လာဘူးဆိုရင် တိုက်ပွဲမဖြစ်ဘူး။ အစိုးရ စစ်တပ်က သူတို့နေရာ သူတို့နေလို့ပဲ နေမှာပါ”ဟု သူက ပြောသည်။

ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ တာမိုးညှဲ၊ မိုးတုံ၊ နမ့်ဆန်၊ ကျောက်မဲ စသည့် မြို့နယ်များတွင် အစိုးရစစ်တပ်နှင့် TNLA တို့ တိုက်ပွဲပေါင်း ၈ ကြိမ်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်က နယ်မြေလုံခြုံရေးထမ်းဆောင်နေသည့် တပ်မတော် စစ်ကြောင်းကို ကိုးကန့်အဖွဲ့က သာလွန်အင်အား အသုံးပြု၍ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သား ၇ ဦးကျဆုံးပြီး ၂၀ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၅ ရက်က သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ လာမည့် ဒီဇင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

No comments: