Monday, March 30, 2015

အစိုးရဝန်ထမ်း လစာတိုးသော်လည်း ပုဂ္ဂလိက အခြေခံဝန်ထမ်းများ၏ အနည်းဆုံး လုပ်ခ၊လစာ သတ်မှတ်ရေးပင် အလှမ်းဝေးနေသေး

ခင်မြတ်မြတ်ဝေ

အစိုးရ ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာကို အစိုးရက မတ် ၂၇ရက်က နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ကြေငြာခဲ့ပြီး အနိမ့်ဆုံး ဝန်ထမ်းလစာ ၇၅၀၀၀ ရရှိ နေသူကို ၁၂၀,၀၀၀ အထိ တိုးမြှင့်ပေးခဲ့ပြီး အမြင့်ဆုံး လစာ ကျပ် နှစ်သိန်းခွဲ ရရှိသူကို ငါးသိန်းအထိ တိုးမြှင့်ပေးခဲ့သည်။

သို့သော် ဝန်ထမ်းများ ရရှိခံစားနေသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ကိုမူ ရရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် အစိုးရ အခြေခံ ဝန်ထမ်းများ၏ လစာတိုးမြှင့်မှုသည် ကျပ် ၁၅,၀၀၀သာ တိုးမြှင့် ရရှိခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်လိုက်ပြီ ဖြစ်သည်။ သို့သော် အစိုးရဝန်ထမ်း လစာများကို တိုးမြှင့်ပေး မပေးမီ အချိန် မြန်မာနိုင်ငံအတွင်း စက်မှုဇုန်များရှိ အလုပ်သမားများက အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြတောင်ဆိုမှုများ ဖြစ်ပေါ်နေလျက် ရှိနေသော်လည်း အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာကို ယခုချိန်ထိ သတ်မှတ်နိုင်ပေးခြင်းမရှိသေးပေ။

ထို့ကြောင့် အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ရရှိမှုကြောင့် ပုဂ္ဂလိက ဝန်ထမ်းများ၏ လုပ်ခ၊ လစာများအပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိနိုင်မည် နှင့် အနည်းဆုံး အခကြေးငွေ မည်သည့်အချိန်တွင် သတ်မှတ်နိုင်မည်ကို အလုပ်သမား ၀န်ကြီးဌာန၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ စီးပွားရေး ပညာရှင်များ နှင့် အခြေခံ အလုပ်သမားအချို့ကို မဇ္ဈွိမက မေးမြန်းကာ စုစည်းတင်ပြလိုက်သည်။


ဦးမျိုးအောင်( ညွှန်ချုပ်) အလုပ်သမား ဝန်ကြီးဌာန

"အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်စေချင်တယ်။ ထုံစံအတိုင်း အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းရမှာပေါ့။ နည်းရင်လည်းမကောင်းဘူး။ များရင်လည်းမကောင်း။ အခု ၁၀၈မြို့နယ်ကို အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ဖို့ ကောက်နေတာ ဘယ်အချိန်ပြီးမယ် ဆိုတာကိုပြောလို့ကိုမရတာ။ အခုကောက်ထားတဲ့ စာရင်းတွေကို သွင်းနေတယ်။ လူကြီးတွေ ဆုံးဖြတ်ရဦးမယ်။ ခုအနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ဖို့က လုပ်ငန်းအမျိုးအစား၊ လုပ်ငန်ရှင်တွေရဲ့ အောင်မြင်မှု သက်ဆိုင်ရာဒေသတွေ၊ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ ညှိနှိုင်းမှု လုပ်ရဦးမယ်"

ဒေါက်တာ ရန်မျိုးသိမ်း (စီးပွားရေး ပညာရှင်)

ကျွန်တော့်အမြင်အရ လူဦးရေ ၅၁သန်းမှာ အစိုးရ ၀န်ထမ်းတွေက ၂သန်းပဲရှိတယ်။ အဓိက အစိုးရအနေနဲ့ လစာတိုးရင် ကုန်းဈေးနှုန်းတက်လာမယ်။ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကို ထိန်းပေးတာမျိုး ကျဆင်အောင် အရင်အစိုးရလိုမျိုး ထိန်းသိမ်းတဲ့ ပုံစံမဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းလေးတွေနဲ့ ကုန်ဈေးနှုန်း ကျဆင်းအောင် ထိန်းသိမ်းပေးစေချင်တယ်။ နောက်ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာနိုင်တယ်။ တကယ်လို့ ကုန်ဈေးနှုန်းတက်လာတဲ့ ဒဏ်ကို ခံစားရမှာက ပြည်သူလူထုတွေ အောက်ခြေ၀န်ထမ်းတွေက ခံစားရမယ်၊ အလိုဖြစ်လာတဲ့အချိန်မှာ ငွေက အိတ်ထဲထည့်ထားတာနဲ့ အလိုလို တန်းဖိုးကျလာမယ်။ ပြည်သူပိုဆင်းရဲသွားနိုင်တယ်။ တစ်ချို့ အောက်ခြေ၀န်ထမ်းတွေ စက်ရုံအလုပ်ရုံ အလုပ်သမားတွေ ပိုမိုကျပ်တည်းလာမယ်။ လုပ်ခလစာ မလုံလောက်မှုကြောင့် ဆန္ဒပြမှုတွေ ပိုမိုဖြစ်သွားနိုင်တယ်။

ဒေါက်တာ ခင်မောင်ညို (ဘောဂဗေဒ ပညာရှင်)

အစိုးရ ၀န်ထမ်းတွေ လစာတိုးတာက ယေဘုယအားဖြင့်တော့ ပုဂ္ဂလိက ၀န်ထမ်းတွေရဲ့ ၀င်ငွေက အစိုးရ ၀န်ထမ်းတွေထက်မြင့်တယ်။ အဲဒါကို အစိုးရက လိုက်ညှိနေတာ ဘယ်တော့မှ လိုက်မမှီဘူး၊ အခုတိုးတာ ၅သိန်းက အမြင့်ဆုံး အနည်းဆုံးက တစ်သိန်း အထက် ပုဂ္ဂလိက ၀န်ထမ်းက ပိုမြင့်တယ်။ အလုပ်သမားတွေ ဆန္ဒပြတယ်ဆိုတာက အပိုင်း (၂)ပိုင်းရှိတယ်။ စပြီး အလုပ်ရှင်နဲ့ အလုပ်သမား စာချုပ် ချုပ်စဉ်က သဘောတူထားတဲ့ လစာထက် အလုပ်ရှင်ကလျှော့ပေးလို့ အလုပ်သမားက ဆန္ဒပြတာလည်းရှိတယ်၊ စာချုပ်တုန်းက လစာထက် အလုပ်သမားက တိုးတောင်းတာမရလို့ အလုပ်သမားတွေ ဆန္ဒပြတာလည်း ရှိတယ်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရင် တွက်လို့မရဘူး၊ ထွက်ရင်ပြသာနရှိတယ်။ လုပ်ငန်းချင်းကမတူဘူး၊ ဒေသချင်းမတူကြဘူး၊ ပုဂ္ဂလိက အခြေခံ အလုပ်သမားတွေ လုပ်ခလစာ သတ်မှတ်ရမှာက လက်ဝင်တယ် သတ်မှတ်ပြီးသွားရင်လည်း ပြဿနာတက်လိမ့်မယ်၊ ဘယ်သူဌေးပဲဖြစ်ဖြစ် လုပ်ငန်းအရှုံးပေါ်နေရင် လစာမတိုးဘူး။ တချို့အလုပ်သမားတွေ ဆန္ဒပြ အရှုံးပေါ်တော့ စက်ရုံတွေ ပိတ်ပြစ်လိုက်တာပေါ့။

ဦးနော်အောင် (မြန်မာနိုင်ငံ အလုပ်သမားများသမဂ္ဂ) အတွင်းရေးမှူး

ကျွန်တော်တို့ တောက်လျှောက်တိုက်တွန်းခဲ့တယ်။ အစိုးရ ၀န်ထမ်းတွေ အနိမ့်ဆုံးလစာ တိုးတော့မယ်။ အဲဒီအချိန် အလုပ်သမားတွေလည်း တိုးနိုင်အောင် အမြန်ဆုံးလုပ်ပေးဖို့ တပြိုင်နက်ထဲ တိုးပေးနိုင်အောင် ပြောပါတယ်။ ခုတိုးပြီးဆိုတော့ ကုန်ဈေးနှုန်းက တက်တော့မယ် ခံစားရမှာ အောက်ခြေ၀န်ထမ်းတွေက အခု ခံစားရတော့မယ်။ ဒီအစိုးရကိုလည်း မေးချင်ပါတယ်။ အစိုးရ ၀န်ထမ်းမှ တိုင်းသူ ပြည်သားလား၊ အောက်ခြေ၀န်ထမ်းတွေ စက်မှုဇုန် အလုပ်သမားတွေကကော့ တိုင်းသူပြည်သာ မဟုတ်တော့ဘူးလားမေးချင်ပါတယ်။ ပြည်သူလူထု သန်း၅၀ကျော်မှ ၂သန်းလောက်ရှိတဲ့ အစိုးရ၀န်ထမ်းကို မျက်နှာကိုပဲကြည့်တယ်။ အလုပ်သမား ၀န်ကြီးဌာနကိုလည်း အလုပ်သမားတွေ အတွက် အနိမ့် ဆုံးလုပ်ခလစာ အမြန်ဆုံးထွက်ပေးစေချင်ပါတယ်။

မအေးစန္ဒ၀င်း (ရွှေပြည်သာ လုပ်ခလစာ တိုးမြှင့်ရေးအတွက်ဆန္ဒပြ အလုပ်သမား)

အစိုးရ ၀န်ထမ်းတွေကို အနိမ့်ဆုံးလစာ တွေတိုးပေးနေတယ်၊ ဒီနေ့သတင်းစာမှာလည်းတွေ့ရတယ်။ ကျွန်မတို့ အလုပ်သမားတွေကလည်း လစာတိုးတောင်တာကို ခုအစိုးရက အကြမ်းဖက်တယ်။ နောက်ခု အလုပ်ရှင်က အလုပ်ပြန်မခန့်ဘူး အဲဒါတွေကို ဥပဒေဘောင်ထဲကပဲ ဆက်လုပ်သွားမယ်။ ကျွန်မတို့ တစ်နေ့လုပ်အားခ ၁၃၅၀ ရတယ်။ တစ်ထောင်ထပ်တိုးတောင်းတာကလည်း တကယ်ကို အဆင်မပြေလို့ တိုးတောင်းတာပါ။ အမှန်တကယ် မလုံလောက်လို့ ကုန်ဈေးနှုန်းမြင့်တက်နေတာတွေ ကျွန်မတို့တိုးတောင်းတာပါ။ ကျွန်မတို့ ကိုအနိမ့်ဆုံးလုပ်ခလစာ ထွက်လာရင်တော့ ဒီလိုပြသာနတွေတက်မှ မဟုတ်ဘူး။

မသိမ့်မိုးလွင် (ကော့စတစ် အထည်ချုပ်စက်ရုံ)

အစိုးရ၀န်ထမ်းတွေ လစာတိုးတော့ ၀မ်းသာပါတယ်။ ကျွန်မတို့ ပုဂ္ဂလိက တွေမှာက ဒုက္ခရောက်တယ် ခုလုပ်ခလစာတိုးတောင်း တာ ၁လပိုင်းက ရင်ဒီနေ့ အထိပြေလည်မှုမရသေဘူး။ အလုပ်သမား ၀န်ကြီးဌာန ကျွန်မတို့်ကို တောင်းဆိုတာက တစ်လ သုံးသောင်းတိုးတောင်းတယ် မပေးနိုင်ရင် ဘယ်လောက်အတိုင်းအတာထိ တိုးပေးနိုင်လည်း အလုပ်ရှင်ကပေးတာနည်းနေရင် အဆင်ပြေတဲ့ ပမာဏတစ်ခုကို တောင်းဆိုတာပါ။ ကျွန်မတို့ တကယ်ကို အဆင်မပြေတော့လို့ တောင်းဆိုနေတာ။ ဒါကို အစိုးရက အကြမ်းဖက်တယ်။ အခုကျွန်မတို့ အလုပ်သမားကိုယ်စားလှယ်နဲ့ ကူညီတဲ့ သူတွေက ထောင်ထဲရောက်နေတယ်၊ အဲဒီ အတွက် ဥပဒေအရ ကျွန်မတို့က ပြန်လုပ်သွားမယ်။ နောက် အလုပ်ရှင်က ကျွန်မတို့တွေကို အလုပ်ပြန်မခန့်ဘူး။ အခု အလုပ်သမား ၂၀၀ကျော်လောက်က အလုပ်လက်မဲ့ဖြစ်နေတယ်။ ၀န်ထမ်းလစာတိုး လာရင် ကုန်ဈေးနှုန်းထက်တိုးမယ်။ ကျွန်မတို့ကခံဘက်ကကြီးပဲ။

No comments: