Monday, March 30, 2015

ကိုးရီးယားနှင့် ဂျပန်နိုင်ငံများသို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တင်ပို့ရန် စီစဉ်

သီဟကိုကို

မြန်မာနိုင်ငံမှ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံများသို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တင်ပို့ရန် စီစဉ်လျက်ရှိသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နေပြည်တော်ကောင်စီ နယ်မြေဧက ၉၀၀ စိုက်ကွင်းတွင် စိုက်ပျိုးမည့် ငရုတ်သီးနှံ၊ ကညွှတ်၊ ပိန်းဥ ၊ သရက်သီးစသည့်သီးနှံများကို နေ့စဉ် ကိုးရီးယားနိုင်ငံ ဈေးကွက်သို့ တင်ပို့သွားရန် စီစဉ်ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံမှ အရည်အသွေးစံချိန်မီ စိုက်ပျိုးထုတ်လုပ်ထားသည့် လယ်ယာထွက်ကုန်များကို တောင် ကိုးရီးယားနိုင်ငံဈေးကွက်သို့ တင်ပို့ရန်သဘောတူညီချက် ရရှိထားပြီး တောင်ကိုးရီးယားမူးရင်းမျိုး ငရုတ်၊ ပိန်းဥ၊ ကညွှတ်၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီးတို့ကို တောင်သူများထံ ပျိုးပင်၊မျိုးစေ့နှင့် နည်းပညာများကို ဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။

ပထမအကြိမ်အဖြစ် ပိန်းဥ တန်ချိန် ၃၀၀ ၊ ငရုတ်တန်ချိန် ၅၀၀ တင်ပို့သွားမည်ဖြစ်ပြီး ကညွှတ်ကို နေ့စဉ် တန်ချိန် တစ်တန်ခန့်တင်ပို့သွားမည် ဖြစ်သည်။

နေပြည်တော်ကောင်စီ နယ်မြေတွင် ကညွှတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ နေကြာ၊ ကြံ စသည့်သီးနှံများ အပါအဝင် အခြားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးစနစ် (One Village One Product) ဖြင့် တောင်သူများကို စုပေါင်း လယ်ယာစိုက်ခင်းများ ထူထောင်ထားပေးပြီး အဆိုပါ စိုက်ခင်းများမှ ထွက်ရှိလာသည့်သီးနှံများကို ပြည်ပသို့ တင်ပို့ရောင်းချရန် စီစဉ်ထားခြင်း ဖြစ်သည်။

အဆိုပါ သီးနှံစိုက်ခင်းများကို ပြည်တွင်း လုပ်ငန်းရှင်များ၊ ဂျပန်နှင့် ကိုးရီးယားနိုင်ငံမှ လုပ်ငန်းရှင်များမှ ပူးပေါင်းရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး စိုက်ပျိုးထွက်ရှိလာသည့် သီးနှံထွက်ကုန်များကို ကိုးရီးယားနှင့် ဂျပန်နိုင်ငံ သို့ လေကြောင်းမှ တင်ပို့ရောင်းချသွားမည်ဖြစ်သည်။

No comments: