Monday, March 30, 2015

နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုကြောင့် ဖြစ်ပေါ်လာသည့် ဒေသခံများအပေါ် သက်ရောက်မှုကို စစ်ကိုင်းပြည်သူ့ဖိုရမ်တွင် ဆွေးနွေးမည်

ယုဝေ

စစ်ကိုင်းတိုင်းတွင် ကျင်းပမည့် ပြည်သူ့ဖိုရမ်တွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုကြောင့် ဖြစ်ပေါ်လာသည့် ဒေသခံများအပေါ် သက်ရောက်မှုများကို ဆွေးနွေးသွားမည်ဟု မြန်မာပြည်သူ့ဖိုရမ် လုပ်ငန်းအဖွဲ့၊ အမှုဆောင် ဒါရိုက်တာ ဦးကျော်လင်းဦးက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ဖိုရမ်ကို မုံရွာမြို့ မုံရွာမြို့တော်ခန်းမတွင် ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

ဦးကျော်လင်းဦးက “မုံရွာမှာလုပ်မယ့် ပြည်သူ့ဖိုရမ်မှာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှု ကနေဖြစ်လာတဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဒေသခံတွေက ဘယ်လိုမျိုးခံစားရလဲဆိုတာ ထည့်သွင်းဆွေးနွေးသွားမှာပါ။ အမျိုးသားပညာရေး ဥပဒေ အကြောင်းလည်း ထည့်သွင်းဆွေးနွေးဖို့ ရှိပါတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်း ပြည်သူ့ဖိုရမ်တွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်ကြီး လေးခုအောက်တွင် ခေါင်းစဉ်ခွဲ ၁၃ ခုဖြင့် ဆွေးနွေးသွားမည် ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် အတွင်းတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းထားသည့် ရင်းနှီးမြှပ်နှံမှု တစ်ခုဖြစ်သည့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ရှိပြီး ယင်းစီမံကိန်းကြောင့် ဒေသခံများနှင့် အကောင်အထည် ဖော်သည့် ကုမ္မဏီကြား ပဋိပက္ခများ ဖြစ်ပွားနေပြီး ဆန္ဒပြမှုများလည်း ဖြစ်ပေါ်နေသည်။ ယင်းအပြင် စီမံကိန်းကို ကန့်ကွက်သည့် ဆန္ဒပြမှုတွင် ဒေသခံ တစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ရသေးသည်။

ပြည်သူ့ဖိုရမ်ကို စစ်ကိုင်းဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများမှ လူဦးရေ ၂၀၀ ခန့်ဖိတ်ကြားထားပြီး အမေရိကန်ဒေါ်လာ တစ်သောင်းခန့် အကုန်အကျခံ ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်သူ့ဖိုရမ်ကျင်းပသည့် နောက်ဆုံးရက်တွင် ဖိုရမ်မှ ထွက်ရှိလာသည့်ဆွေးနွေးချက်များကို လွတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ အစိုးရဌာနများထံပေးပို့သွားမည်ဖြစ်သည်ဟုလည်း ဦးကျော်လင်းဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင်လည်း မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ မန္တလေးတိုင်းပြည်သူ့ဖိုရမ်ကို ကျင်းပခဲ့သေးသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြည်သူဖိုရမ်များမှ ရရှိလာသည့်အချက်များကို စုစည်း၍ မြန်မာနိုင်ငံ ပြည်သူ့ဖိုရမ်ကျင်းပမည် ဖြစ်သည်။

ပြည်သူ့ဖိုရမ်များကို လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် ပြည်သူလူထုကို ဗဟိုပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်းအထည်ပေါ်လာစေရန် နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ အကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည်ဟု ဦးကျော်လင်းဦးကပြောသည်။ ၂၀၁၄ ခုနှစ်က မွန်ပြည်နယ် ပြည်သူ့ဖိုရမ်၊ ကရင်ပြည်နယ် ပြည်သူဖိုရမ် နှင့် ကယား ပြည်နယ်ပြည်သူ့ဖိုရမ်မျာကို ကျင်းပပြုလုပ်ခဲ့ပြီ၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ “ မြန်မာ ပြည်သူ့ ဖိုရမ် ၂၀၁၄” ကို ကျင်းပခဲ့သည်။

No comments: