Monday, March 30, 2015

ကစ္ဆပနဒီ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ် အစိုးရစီစဉ်မှု ပြည်နယ်လွှတ်တော် ကန့်ကွက်မည်

ကေဇူး

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင် ကစ္ဆပနဒီ မြေယာစီမံကိန်း အကောင်အထည်ဖော်ရန် ပြင်ဆင်လျှက်ရှိသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမောင်စံရွှေက ပြောသည်။

ဆုထူးပန် ကုမ္ပဏီနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မတ်လ ၂၅ ရက်တွင် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးပြီး ဖြစ်သည်။

သို့သော် ထိုစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် အကောင်အထည်ဖော်မည့် ကုမဏီများကို တင်ဒါခေါ်ယူခဲ့ခြင်း မရှိဟု စည်ပင်ဝန်ကြီးက ဆိုသည်။

"လူကြီးတွေ အချင်းချင်းသဘောတူညီမှုနဲ့ လုပ်တာပါ တင်ဒါမခေါ်ပါဘူး။ ဒါကိုသိချင်ရင်တော့ ဝန်ကြီးချုပ်ကို မေးမှ သိမှာပါ" ဟု ဦးမောင်စံရွှေက ပြောသည်။

ထို စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကို တင်ပြခြင်း၊ အသိပေးခြင်း မရှိခြင်းကြောင့် ပြည်နယ်လွှတ်တော်က ကန့်ကွက်သွားမည်ဟု ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက မဇ္ဈိမကို ပြောသည်။

"ပြည်နယ် အစိုးရနဲ့ ဆုထူးပန် ကုမဏီတို့ လက်မှတ်ထိုးတဲ့ အထဲမှာ ပြည်သူလူထုအတွက် ဘာမှမပါဘူး၊ စီမံကိန်းကို ပြည်သူကလည်း မသိခဲ့ရဘူး၊ကျွန်တော်တို့ ပြည်နယ်လွှတ်တော်ကနေတဆင့် ကန့်ကွက်သွားပါမယ်" ဟု ဦးစောငြိမ်းက မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့ ကမ်းနားလမ်းအနီးရှိ ဧကတစ်ရာကျော် မြေယာပေါ်တွင် မြို့သစ်စီမံကိန်းကို တည်ဆောက်မည် ရန်လျာထားခြင်း ဖြစ်သည်။

ထိုစီမံကိန်းတွင် ဟိုတယ် လုပ်ငန်းများ၊ ရှော့ပင်းစင်တာများနှင့် ပန်းခြံများ၊ အိမ်ရာ စီမံကိန်းများ ပါဝင်လာမည်ဟု ဆိုသည်။

"ဆုထူးပန် ကုမ္ပဏီက အကောင်အထည်ဖော်မယ် ကုမ္ပဏီအုပ်စုရဲ့နောက်မှာ ကိုရီးယားတွေပါ လာမယ်။ သူတို့က မြန်မြန် အကောင်အထည်ဖော်ချင်ကြတယ်။ ဒီဘက်မှာ လေ့လာရေး လုပ်ငန်းတွေလည်း လုပ်နေကြပါပြီ" ဟု ဦးမောင်စံရွှေက ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် စစ်တွေမြို့ရှိ ကစ္ဆပနဒီ မြို့သစ်စီမံကိန်း၊ မောင်တော ကုန်သွယ်ဇုံတို့ကို အကောင်အထည်ဖော်ရန် လျားထားသည်။

ကမ်းလွန်ရေနံ လုပ်ကွက်များ၊ စီမံကိန်းများ၊ ဖွံ့ဖြိုရေး လုပ်ငန်းများကို ပြည်ထောင်စု အစိုးရ အစီအစဉ်ဖြင့် လက်မှတ်ရေးထိုးခြင်း၊ အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်နေပြီး ပြည်နယ်လွှတ်တော်က သိခွင့်မရှိခြင်းကြောင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

No comments: