Tuesday, March 31, 2015

ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန် တပ်မတော်ပိုင် မြဝတီသတင်းစာတွင် မူဝါဒအဖြစ် ဖေါ်ပြ

မဇ္ဈိမ

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသည့် တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်နှင့် သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန် အချက်များပါဝင်သည့် ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ကို တပ်မတော်ပိုင် မြဝတီသတင်းစာတွင် မတ်လ ၃၀ ရက်က ဖေါ်ပြပါရှိသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်၍ မူဝါဒ ၆ ရပ်ဟု ဖေါ်ပြထားပြီး ထာဝရ ငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိရန်ဟူသည့် အချက်ကို ပထမဆုံး အချက် တစ်ချက်အဖြစ်ဖေါ်ပြထားသည်။

သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်တို့ကိုလည်း ဖေါ်ပြထားသည်။

နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာရန်ကိုလည်း မူဝါဒ အမှတ်စဉ် ၅ အဖြစ်ဖေါ်ပြထားကာ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းနေမှုတွင် လိုက်ပါ ဆောင်ရွက်ရန်ဟူသည်ကို မူဝါဒ အမှတ်စဉ် ၆ အဖြစ် ဖေါ်ပြထားသည်။

မတ်လ ၂၇ ရက်တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် တပ်မတော်နေ့ ဦးတည်ချက်များတွင်မူ အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်မြင့်မားသော ခေတ်မီတပ်မတော် တည်ဆောက်ရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ်ရန်တို့ ပါဝင်သည့် ဦးတည်ချက် လေးရပ်ကို ဖေါ်ပြထားသည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဦးတည်ချက် မပါရှိပေ။

No comments: