Monday, March 30, 2015

မြေပြင်၊ ဝေဟင်မှ ထိုးစစ်ဆင်မှုကြောင့် အပစ်ရပ်ဆွေးနွေးပွဲ အချည်းနှီးဖြစ်ရဟု UNFC ပြော

ခင်မြတ်မြတ်ဝေ၊ ဖနိဒါ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေချိန်တွင် အစိုးရဘက်မှ မြေပြင်သာမက ဝေဟင်ပါ စစ်ဆင်ရေးအရှိန် တိုးမြင့်ခြင်း ထပ်မံ ဖြစ်ပေါ်လာခြင်းသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရေး တွေ့ဆုံ ဆွေးနွေးမှုအား အချည်းနှီးဖြစ်စေပြီး ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) က မတ်လ ၂၈ ရက်တွင် ပြောဆိုလိုက်သည်။

“ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ အရှိန်လျော့ချနိုင်ရေးအတွက် ညှိနှိုင်းနေချိန် မြေပြင်သာမကဘဲ ဝေဟင်ပါ စစ်ဆင်ရေးအရှိန် တိုးမြင့်ခြင်းတို့ ထပ်မံဖြစ်ပေါ်နေပြန်သဖြင့် UNFC က လက်ရှိ တွေ့ဆုံဆွေးနွေးမှု အချည်းနှီးဖြစ်ပြီး အချိန်ကုန် လူပန်းဖြစ်ကာ ငြိမ်းချမ်းရေးမျော်လင့်ချက် အလှမ်းကွာ ဝေးနေဦးမည်ကို အထူးစိတ်မကောင်းစွာ တွေ့မြင်နေရပါသည်ဟု ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ၇ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းအား တစ်ဆို့စေခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းသွားစေခြင်း အစဉ်အလား ရင်ဆိုင်ကြုံတွေ့နေရသည်ဟု UNFC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့မှ စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးမှုကို အလေးအနက်ထား ဖော်ဆောင်ရန်နှင့် တစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် တိုက်ပွဲများကို ချက်ခြင်း ရပ်တန့်ရန် တောင်းဆိုလိုက်သည်။

မတ်လ ၂၁ ရက်မှစတင်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေသို့ ထိုးစစ်ဆင်လာသဖြင့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သလို၊ မြေပြင်တိုက်ပွဲများလည်း ယနေ့ထိ ဖြစ်ပွားနေခြင်း ဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တအာင်းတပ်မတော်(TNLA)နှင့် အစိုးရ စစ်တပ်တို့ ယနေ့ထိ တိုက်ပွဲ ဖြစ်ပွားနေပြီး ကိုးကန့်ဒေသဘက်တွင်လည်း အစိုးရ စစ်တပ်က စစ်အင်အားတိုးမြှင့်မှုများ ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။

UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က “အခုမှ တရားဝင် ပြန်လည် ညှိနှိုင်းတွေ့ဆုံဖို့ ပေါ်ပေါက်လာတဲ့ အချိန်မှာ တိုက်ပွဲတွေက အရှိန်နဲ့အဟုန်နဲ့ ထပ်မံ ဖြစ်ပွားနေတော့ ပြန်ကောင်းလာတဲ့ အခြေအနေကို တဖန်လမ်းကြောင်းလွဲသွားချင်တဲ့ ဖြစ်မှုတွေက မဖြစ်သင့်တဲ့အချိန်မှာ ဖြစ်ပွားတယ်လို့ ကျွန်တော်တို့ဘက်က မြင်တယ်။ ဒီဖြစ်ပွားမှုက တမင်တကာ ကြံရွယ်တာလား။ တိုက်ဆိုင်လို့လား ဆိုတဲ့အမြင်မျိုးကို ကျွန်တော်တို့ တွေးတောကြည့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုက်ဆိုင်တယ်ဆိုတာထက် တမင်တကာလိုမျိုး ဖြစ်နေတဲ့ပုံစံမျိုးကို တွေ့ရတဲ့အခါကြတော့ တွေ့ဆုံဆွေးနွေးမှုကလည်း တန်းလန်းကြီး မပြီး ပြတ်သေးဘူး၊ အဲဒီဟာတွေကြောင့် အခုပြန်လည်တွေ့ဆုံဖို့ ကျွန်တော်တို့ သဘောတူထားတဲ့ဟာ ရက်ရွှေ့ရတာမျိုးတွေ ပြောင်းလဲမှု ဖြစ်သွားမှာကို ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်”ဟု မဇ္ဈွိမကို ပြောသည်။

မတ်လ ၂၈ရက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ငြိမ်းချမ်းရေးအဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးခင်မောင်ဦး၊ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးသန်းဌေးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ ဦးဆောင်၍ ကယားပြည်နယ် လွိုင်ကော်မြို့ အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

မတ်၂၄ရက်က ဖိုးစိန်လမ်း Green Hill ဟိုတယ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ဦးခွန်ဥက္ကာက " အဲဒီကတော့ အကျိုးစီးပွားပဲ တပ်မတော်က တိုက်တယ်ဆိုတာကလည်း သူတို့မှာ စစ်ရေးမြော်မှန်ချက် ရှိလို စစ်စင်ရေးလုပ်တယ် ဆိုတာ အလကား လုပ်တာ မဟုတ်ဘူး၊ တိုင်းရင်းသားတွေ ဘက်ကလည်း မိမိကိုယ်ခုခံကာကွယ်ရတယ်၊ မိမိနိုင်ငံရေး ရှင်သန်ဖို့အတွက် စစ်ရေးကို အသုံးပြုရတယ်။"ဟု ပြောဆိုခဲ့သည်။

မတ်လ ၁၇ ရက်မှ UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းပါ အချက်များကို ၆ ရက်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တစ်ပတ် ရပ်နား၍ ပြန်လည် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

No comments: