Monday, March 30, 2015

န၀ဒေး ဈေးဆိုင်ခန်း ၃၇ ခန်းကို မြောက်ဒဂုံပြောင်းရွှေ့ခိုင်း၍ ဆိုင်ရှင်များ မကျေနပ်

ခင်မြတ်မြတ်ဝေ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ နဝဒေးဆိုင်ခန်း ၃၇ ခန်းကို အဆင့်မြင့် အားကစား ပွဲကြည့်စင် တည်ဆောက်မည်ဟုဆိုကာ ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ပြီး ပွဲကြည့်စင်ဆောက်မည့် စည်ပင်သာယာရေး ဝန်ကြီးဌာနအောက်ရှိ ပန်းဥယာဉ်နှင့် အားကစားကွင်းများဌာနမှ ဆိုင်ရှင်များကို မတ်လ ၂၈ ရက်က ခေါ်တွေ့ပြီး မြောက်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံအနီး မြို့ဦးစေတီရှေ့သို့ ပြောင်းရွှေ့ပေးရန် ခေါ်ညှိနှိုင်းခဲ့သည်။

"ကျွန်တော်တို့နေတာ အနှစ်၂၀ ရှိပြီ။ ခုမှဖယ်ဆိုတော့ ကျွန်တော်တို့ မုန်းဟင်းခါးရောင်းတာ နေရာလေး စားဝတ်နေရေးအတွက် အဆင်မပြေဘူး။ ပြန်ပေးမယ်နေရာက မြောက်ဒဂုံမြို့ဦးစေတီမှာ ဘာမှ ရောင်းဝယ်စားလို့ မရတဲ့နေရာကို ပေးတယ်"ဟု ဆိုင်ခန်းပိုင်ရှင် ကိုသိန်းထွန်းက မဇ္ဈွိမကို ပြောသည်။

ထိုနေရာကို ဇွဲကပင်ယူနိုက်တက်ဖက်စီက အားကစားကွင်းနှင့် ပွဲကြည့်စင် ဆောက်လုပ်မည်ဖြစ်၍ ဆိုင်ခန်းရှင်များကို စည်ပင်က ဖယ်ခိုင်းခြင်း ဖြစ်သည်ဟုလည်း ဆိုင်ခန်းရှင်များက ပြောသည်။

ဆိုင်ခန်းပိုင်ရှင်များက မဖယ်ပေးနိုင်၍ မတ် ၂၃ရက် သမ္မတ နှင့် ပြည်သူ့လွှတ်တော် အပါအဝင် ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ လူ့အခွင့်အရေးကော်မရှင်တို့ထံလည်း ဆိုင်ခန်းရှင် ၃၇ဦးက လက်မှတ်ရေးထိုး တိုင်ကြားခဲ့သေးသည်။


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကမူ ၎င်းထံ စာဖြင့် တိုင်ကြားမှု မရှိသေး၍ ဆောင်ရွက်ရန် မရှိသေးဟုဆိုသည်။ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးပန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ယင်း န၀ဒေးဆိုင်ခန်းများသည် ဆိုင်ခန်းခအဖြစ် လစဉ် စည်ပင်သာယာရေးကော်မတီ ပန်းဥယာဉ်နှင့် အားကစားကွင်းများဌာနသို့ သုံးသောင်းကျပ် ပေးနေရပြီး မြောက်ဒဂုံသို့ ပြောင်းရွှေ့ပါက ထိုနေရာတွင် တစ်လ ကျပ် နှစ်သောင်း ပေးရမည်ဟု ဆိုသည်။

ဆိုင်ခန်းများ ပြောင်းရွှေ့ပေးရန် ယင်းဌာနမှ ၂၀၁၄ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် တစ်ကြိမ် အကြောင်းကြားစာ ပို့ကာ ပြောင်းရွှေ့ခိုင်းခဲ့သည်။

ယင်းဆိုင်ခန်းများသည် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က စည်ပင် ၀န်ထမ်းများကို အစိုးရက ချပေးထားပြီး ၀န်ထမ်းများက အဆင့်ဆင့် လက်ဆင့်ကမ်း ရောင်းစားခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ခန်းပိုင်ရှင်များထံက သိရသည်။

No comments: