Tuesday, March 31, 2015

ဝမ်ပေါင်ကုမ္ပဏီက စွန့်ပစ်မြေစာများ စိုက်ပျိုးမြေများပေါ်စွန့်ပစ်သဖြင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြ

ထက်ထက်အောင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ လက်ပံတောင်းတောင်ဒေသခံများ၏ စိုက်ပျိုးမြေများပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီမှ မြေစာများ စွန့်ပစ်ခြင်းကြောင့် ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် မတ်လ ၂၉ ရက်က ဒေသခံများ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ဟု ဆန္ဒပြရာတွင် ပါဝင်သူ မိုးကြိုးပြင်(အလယ်)ရွာမှ မဇာခြည်အေးက မဇ္ဈိမကို ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၂၉ ရက် နံနက်တွင် မုံရွာ-ပုသိမ်လမ်း အရှေ့ဘက် (လိပ်ခွံတောင် အရှေ့ဘက်) ရှိ ရိတ်သိမ်းပြီး လယ်များပေါ်သို့ ယင်းကုမ္ပဏီမှ မြေစာများ စွန့်ပစ်လာသည့်အတွက် ဒေသခံများက ထိုနေ့ညနေ ၄ နာရီခွဲတွင် ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ကန့်ကွက်ဆန္ဒပြကြခြင်း ဖြစ်သည်။

အဆိုပါ မြေစာစွန့်ပစ်မှုသည် ဝမ်ပေါင်ကုမ္ပဏီမှ သွပ်ဆူးကြိုး ခြံစည်းရိုးခတ်ထားသော နယ်နိမိတ်အတွင်း ဖြစ်သော်လည်း ဒေသခံများက ထိုမြေများမှာ လျော်ကြေးငွေ ရယူထားခြင်းမရှိသည့်အတွက် ၎င်းတို့ပိုင် လယ်ယာမြေများသာ ဖြစ်သည့်အတွက် ကန့်ကွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မဇာခြည်လင်းက “ ရိတ်သိမ်းပြီး လယ်တွေပေါ် မြေစာလာပုံတော့ နောက်လုပ်ငန်းခွင်ပြန် စရင် ထိခိုက်လာမယ်။ ဒီအတွက် ဆန္ဒပြတာပါ။ ဒီမြေစာတွေက သီးနှံလျော်ကြေး၊ မြေယာလျော်ကြေး လုံးဝယူမထားတဲ့ မြေတွေပေါ် လာပုံတာ”ဟု ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင်မှ တူးယူသော မြေစာများကို အထက်ပါ စိုက်ပျိုးမြေများ ပေါ်သို့ မြေတူးစက်များဖြင့် စွန့်ပစ်စုပုံခဲ့ခြင်းဖြစ်ပြီး ညနေလေးနာရီခွဲအချိန်အထိ မြေသုံးဧကခန့််ပေါ်သို့ စုပုံထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကန့်ကွက်ဆန္ဒပြမှုသူများက ညနေ ၄ နာရီမှ စတင်ကာ မိုးကြိုးပြင်အလယ်ရွာမှ အင်အား ၁၂ဝ ဖြင့် ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။

ကန့်ကွက်ဆန္ဒပြရာတွင် လက်ပံတောင်းဒေသရှိ မိုးကြိုပြင် အနောက်ရွာ၊ ဆည်တည်းနှင့် တုံရွာတို့မှ ဒေသခံများက ပါဝင်ပြီး ၎င်းတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မီးလောင်ဗုံးကိစ္စ အရေးယူပေးရေး၊ မတရားသိမ်းပိုက်ထားသော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လိမ်လည်နေသော ဦးပိုင်နှင့် ဝမ်ပေါင် အလိုမရှိ၊ ပုဒ်မ ၁၄၄ ဖျက်သိမ်းပေးဆိုသည့်ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြခဲ့ကြသည်။

ကန့်ကွက်ဆန္ဒပြသူများ ဝမ်ပေါင်ကုမ္ပဏီ ရှေ့အရောက်တွင် ရဲအင်အား ၃၀၀ ခန့်က ဒိုင်းများ ကိုင်ဆောင်ကာ ပိတ်ဆို့တားမြစ်ခဲ့သည်ဟုလည်း ဒေသခံ တစ်ဦးက ဆိုသည်။

ဒေသခံများက တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံခွင့် တောင်းခံသော်လည်း တွေ့ခွင့် မရခဲ့ကြောင်း၊ ဒေသခံများက တားမြစ်ထားသော ရဲဝန်ထမ်းများနှင့် ပြောဆိုနေစဉ်မှာပင် နောက်ထပ်ရဲအင်အား ၁၀၀ခန့် ထပ်မံရောက်ရှိလာပြီး ကန့်ကွက်ဆန္ဒပြသူများကို ဘက်လေးဘက်မှ ဝန်းရံကာ ဆက်လက် ပိတ်ဆို့ထားသဖြင့် နိုင်ငံတော်သီချင်းသီဆို၍ ထိုနေ့ညနေခြောက်နာရီခန့်က ဆန္ဒပြသူများ ပြန်လည်ဆုတ် ခွာခဲ့ကြသည်ဟု မဇာခြည်လင်းက ဆိုသည်။

မတ်လ ၂၉ ရက်သည် လက်ပံတောင်းတောင် သပိတ်စခန်းတွင် သံဃာတော်နှင့် ဒေသခံပြည်သူများ မီးလောင်ဗုံးများဖြင့် ဖြိုခွင်းခံရခြင်း ၂၈ လပြည့်လည်း ဖြစ်သည်။

No comments: