Tuesday, March 31, 2015

ဆက်သွယ်ရေးမိုဘိုးတိုင်များ ဧပြီလတွင် စတင်အသုံးပြုနိုင်တော့မည်

ဝေဝေအောင်

ကယားပြည်နယ်တွင် ဆက်သွယ်ရေးမိုဘိုင်းတိုင်များတည်ဆောက်ထားသည့်မြို့နယ်တိုင်းတွင် ဖုန်းလိုင်းများကို ဧပြီလတွင် အသုံးပြုနိုင်တော့မည်ဟု ပြည်နယ်ဆက်သွယ်ရေး မန်နေဂျာ ဦးစိုးစိုးက မတ်လ ၉ ရက်နေ့တွင် ပြောသည်။

“ဒီဖိုင်ဗာဆက်ကြောင်းတွေ ပြီးသွားလို့ရှိရင်တော့ ဆက်သွယ်ရေးတွေ ကောင်းသွားတော့မယ်လို့ပဲ ပြောချင်တယ်။” ဟု ဦးစိုးစိုးက ပြောသည်။

ယခင်က ၂၀၁၄ခုနှစ် စက်တင်ဘာလတွင် ဖုန်းလိုင်းများ အသုံးပြုနိုင်မည်ဟုဆိုထားသော်လည်း အသုံးမပြုနိုင်ရခြင်းမှာ ဆက်ကြောင်းများ စက်ပစ္စည်းများ မရောက်ရှိသေးခြင်းကြောင့်ဟု ဦးစိုးစိုးက ဆက်ပြောသည်။

ဒီးမောဆိုမြို့ ငွေတောင်မှ ဒေသခံ ကိုသုငယ်က “ဖုန်းခေါ်ဆိုစနစ်တွေကို ဒီထက်ကောင်းစေချင်တယ်။ ဖုန်းပြောဖို့ပြီးတော့ အခြားသတင်းအချက်အလက်တွေ ရယူဖို့အဆင်ပြေရင် ပိုကောင်းတာပေါ့ ↔ဟု ပြောသည်။

လက်ရှိကယားပြည်နယ်တွင် လွိုင်ကော်မြို့တခုတည်းဆက်သွယ်ရေးကောင်းပြီး ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ မော်ချီး၊ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် ယခုမှလာမည့် ဧပြီလတွင်သာ မိုဘိုင်းတိုင်များ အသုံးပြုနိုင်မည်ဖြစ်သည်။

မယ်စဲ့မြို့နယ် ၊ ရွာသစ်မြို့နယ်ခွဲ ၊ ရှားတောမြို့နယ်တို့တွင်မူ လျှပ်စစ်မီးမရသေးသည့်အတွက် မိုဘိုင်းဖုန်းတိုင်များ မတည်ဆောက်နိုင်သေးကြောင်း အချိန်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖိုင်ဗာလိုင်းများပြီးစီးသွားပါက GSM ၊ CDMA သာမက တယ်လီနော အော်ရီဒူးဖုန်းလိုင်းများကို အသုံးပြုနိုင်မည်ဟု သိရသည်။

No comments: