Monday, March 30, 2015

သင်္ကြန်တွင် ရခိုင်ပြန်သူများ၍ ဧပြီလ ၁၂ ရက်နေ့ထိ ကားလက်မှတ်များ ရောင်းချထားပြီဟုဆို

မာန်ယုကျော် (ရွှေဝမြေ)

ယခုနှစ်သင်္ကြန်တွင် မွေးရပ်ဇာတိ ရခိုင်ပြည်သို့ ပြန်သူများသဖြင့် ရန်ကုန်မှရခိုင်သို့ ပြေးဆွဲနေသည့် ခရီးစဉ်များတွင် ကားလက်မှတ်များကို ဧပြီ ၁၂ ရက်နေ့ အထိ အကုန် ရောင်းချထားပြီ ဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးကားဂိတ်ရှိ အဆိုပါခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မှ ရခိုင်သို့ပြေးဆွဲမည့် ခရီးစဉ်များအတွက် ကားလက်မှတ်များကို မတ်လ ၁ဝ ရက်နေ့နောက်ပိုင်းမှစတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့အထိ လက်မှတ်များ အကုန် ရောင်းချပြီး ဖြစ်သည်ဟု ယာဉ်လိုင်းများက ဆိုသည်။

“လက်မှတ်စရောင်းတဲ့နေ့ကဆို တော်တော်ရောင်းလိုက်ရတယ်။ ဒီနေ့အထိတော့ ၃ ရက်နေ့  နောက်ပိုင်းကနေ ၁၂ ရက်နေ့အထိ လက်မှတ်က အကုန်ရောင်းပြီးသွားပြီ”ဟု ဂစ္ဆပ ခရီးသည်တင်ယာဉ်လိုင်းမှ ဂိတ်တာဝန်ခံ ဦးအောင်တင့်က နိရဉ္စရာသို့ မတ်လ ၂၅ ရက်နေ့တွင်ပြောသည်။

ကစ္ဆပခရီးသည်တင်ယာဉ်လိုင်းအပါအဝင် ရန်ကုန်မှစစ်တွေသို့ပြေးဆွဲနေသည့် ရွှေပြည်သစ်၊ အောင်သစ္စာနှင့် တိုးရတနာစသည့်ခရီးသည်တင်ယာဉ်များတွင်လည်း ဧပြီလ ၁၂ ရက်နေ့အထိ လက်မှတ်များ ရောင်းချပြီးသွားပြီဟု ဆိုသည်။

“ဧပြီလအစပိုင်းကနေ ၁၂ ရက်နေ့အထိ လက်မှတ်မရှိတော့ဘူး။ လူတွေက သင်္ကြန်မှာ ရခိုင်ပြန်လိုဇောနဲ့ မတ်လလောက်ကနေ အကုန်ကြိုဝယ်ထားကြတာ”ဟု ရွှေပြည်သစ်ခရီးသည်တင်ယာဉ်လိုင်းမှ ဂိတ်စာရေး ကိုခိုင်မိုးလင်းက ပြောသည်။

အလားတူ ရန်ကုန်မှ တောင်ကုတ်-ကျောက်ဖြူ-ဂွ-သံတွဲ-ငပလီသို့ပြေးဆွဲနေသည့်ယာဉ်လိုင်းများတွင်လည်း လက်မှတ်များရောင်းချပြီးဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့ဂိတ်မှာက ဒီလ ၁၅ ရက်နေ့ကနေစရောင်းတာ ဧပြီ ၁၂ ရက်နေ့အထိ လက်မှတ်မရှိတော့ဘူး”ဟု ရဲအောင်လံကားဂိတ်တာဝန်ခံ ကို မျိုးဇော်လင်းက နိရဉ္စရာသို့ပြောသည်။

ရန်ကုန်နှင့် ရခိုင်သို့ ပြေးဆွဲပေးသည့်ခရီးသည်တင်ယာဉ်လိုင်းများတွင် ပုံမှန်အားဖြင့် တစ်နေ့လျှင် အစုန်အဆန် လေးစီးသာပြေးဆွဲပေးရသော်လည်း သင်္ကြန်ကာလအတွင်း ယခုကဲ့သို့ ရခိုင်သို့ပြန်သည့်ခရီးသည်များ များပြားတတ်သည့်အတွက် တစ်နေ့လျှင် ယာဉ်စီးရေ ၄ စီးမှ ၆ စီးအထိ တိုးချဲ့ပြေးဆွဲပေးရကြောင်းလည်း ယာဉ်လိုင်းများက ဆိုသည်။

ယခုနှစ် သင်္ကြန်တွင် ရခိုင်ပြန်သူ အလွန်များပြားပြီး ခါတိုင်းနှစ်ထက် ပြန်သူများပြားသည်ဟု သိရသည်။

No comments: