Monday, March 30, 2015

မြန်မာတိုင်းမ်ဂျာနယ်ပါ ကာတွန်းကို အစိုးရတပ် ကန့်ကွက်

မင်းမင်း

ယခုလ ၂၅ ရက်ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၃၆၊ အမှတ် ၇၁၇၊ စာမျက်နှာ ၄၆ တွင် ဖော်ပြခဲ့သည့် ကာတွန်းသည် တပ်မတော်၏ လုပ်ဆောင်ချက်များအပေါ် ထိခိုက်စေသည့်အတွက် ကန့်ကွက်ကြောင်း အစိုးရတပ်၏ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သဘောထားထုတ်ပြန်လိုက်သည်။

အစိုးရတပ်က ကန့်ကွက်လိုက်သည့် မြန်မာတိုင်းမ်ဂျာနယ်ပါ ကာတွန်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို ကာတွန်းဆရာက ဇာတ်ကောင်အဖြစ် ထည့်သွင်းရေးဆွဲထားပြီး ''တောင်ကုန်းတွေကို စစ်တပ်က လိုက်သိမ်းနေပြီတဲ့' ဟု အမျိုးသား၏ ပြောဆိုမှုကို 'လယ်မြေတွေကိုသိမ်းလို့ အားမရသေးဘူးနဲ့ တူပါရဲ့'' ဟု အမျိုးသမီးက ပြောဆိုထားခြင်း ဖြစ်သည်။

''တပ်မတော်သားများ၏ ဂုဏ်သိက္ခာနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များအပေါ် ညှိုးနွမ်းထိခိုက်စေသော၊ အဓိပ္ပာယ်သက်ရောက်စေသော ကာတွန်းအား ထည့်သွင်းဖော်ပြခြင်းအတွက် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား ကန့်ကွက်ပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်'' ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ မတ်လ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကာတွန်းသည် လောက်ကိုင်ဒေသ တိုက်ပွဲများနှင့် ပတ်သက်ပြီး အစိုးရတပ်၏ သတင်းထုတ်ပြန်မှုများအပေါ် ဆက်စပ်ရေးဆွဲထားသည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အပေါ် မြန်မာတိုင်းမ်သတင်းဌာန၏ Editorial Director ဖြစ်သူ ဦးသီဟစောက ''သူတို့ဘက်က ကြည့်တော့လည်း ဟုတ်နေတာပဲကိုး။ သရော်ထားသလို ဖြစ်နေတယ်လေ။ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်သွားမှာပါ'' ဟု မဇ္ဈိမကို ပြောသည်။

လောက်ကိုင်ဒေသ ဖြစ်စဉ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးမှု၊ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်မှုဖြစ်၍ တပ်မတော်က တိုက်ခိုက်ချေမှုန်းခဲ့ရပါသည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရတပ်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့တို့အကြား ဇန်နဝါရီလဆန်းပိုင်းက စပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုးကန့်တပ်များ ခံစစ်ယူထားသည့် တောင်ကုန်များကို သိမ်းပိုက်ခဲ့ကြောင်း အစိုးရတပ်ဘက်က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

No comments: