Monday, March 30, 2015

သရုပ်ဆောင် မင်းအုပ်စိုး အမှုအတွက် တရားလိုပြ သက်သေ တစ်ဦးကို စစ်ဆေး

ကျော်စိုးမိုး

လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးအမှုအတွက် လေးကြိမ်မြောက်ရုံးထုတ် စစ်ဆေးခြင်းအဖြစ် တရားလိုပြ သက်သေ တစ်ဦးကို မတ်လ ၂၅ ရက် နံနက်ပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

အမှုအတွက် တရားလိုပြ သက်သေ တစ်ဦးအဖြစ် ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေဝင်းကို နှစ်ဘက်ရှေ့နေများက အပြန်အလှန် မေးခွန်းများ မေးမြန်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးရာ ဦးနေဝင်းက အခင်းဖြစ်သည့်နေ့က ရဲတပ်ဖွဲ့များက ကိုမင်းအုပ်စိုး နေအိမ်တွင် လူသတ်မှုဖြစ်ပွား၍ လိုက်ခဲ့ရန် လာရောက်ခေါ်ဆောင်ခဲ့သဖြင့် လိုက်ပါသွားခဲ့ပြီး အိမ်သို့ ရောက်ရှိချိန်တွင် ခုတင်ပေါ်၌ သေဆုံးနေသည့် အမျိုး သမီးတစ်ဦး၏ အလောင်းကို တွေ့ခဲ့ရပြီး အခင်းဖြစ်ပွားပုံကို မြင်တွေ့ခဲ့ခြင်း မရှိဟု ထွက်ဆိုခဲ့သည်။

အမှုအတွက် တရားလိုပြသက်သေ ၁၂ ဦး တင်သွင်းထားပြီး လာမည့် ဧပြီ ၁ ရက်တွင် တရားလိုပြသက်သေ တစ်ဦးကို ထပ်မံစစ်ဆေးသွားမည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄ ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းရှိ သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်တွင် သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုရင် (ခ) တေးနုရင်ကို လူမှုရေးကိစ္စ မေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုး ထိုးကြိတ်ရိုက်နှက်ခဲ့ရာမှ မနုနုရင် သေဆုံးခဲ့သည်ဟုဆိုကာ မင်းအုပ်စိုးကိုယ်တိုင် ရဲစခန်းသို့ သွားရောက်တိုင်ကြား၍ ဗဟန်းမြို့မ ရဲစခန်း ရဲအရာခံ လင်းထွဋ်က တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

မနုနုရင် (ခ) တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ခုနစ်နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါမဂ္ဂဇင်းတိုက်သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင်ပိတ်သည့်ရက်များတွင် တိုက်၌ပင် ညအိပ်လေ့ရှိသူ တစ်ဦး ဖြစ်သည်။

အဆိုပါအမှုကို ဗဟန်းမြို့မရဲစခန်းက (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အနောက်ပိုင်းခရိုင် တရားရုံး၊ တွဲဖက်ခရိုင် တရားသူကြီးက ပြစ်မှုကြီး ပုဒ်မ ၇/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ကာ တရားလိုအပါအဝင် လိုပြသက်သေ စုစုပေါင်း လေးဦးကို စစ်ဆေးပြီး ဖြစ်သည်။

No comments: