Monday, March 30, 2015

နိုင်ငံတော်သို့ ရွှေစင်ပေးသွင်းရန် ကျန်ရှိသည့် သတ္တုထုတ်လုပ်ရေး ကုမ္ပဏီများကို တရားဆွဲအရေးယူမည်ဟု သတိပေး

သီဟကိုကို

နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီများသည် ပေးသွင်းရမည့် ရွှေစင်များကို ပေးသွင်းခြင်း မရှိပါက တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဟု သတ္တုတွင်း ဝန်ကြီးဌာနမှ မတ် ၂၉ ရက်တွင် အသိပေးထားသည်။

သတ္တုတွင်း ဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့်ရွှေသတ္တုအသေးစား ထုတ်လုပ်မှုလုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ထားသည့်အနက် အချို့ကုမ္ပဏီများသည် စာချုပ်အရ နိုင်ငံတော်သို့ ရွှေစင်များ ပေးသွင်းရန် ပျက်ကွက်ခဲ့သည်။

အမှတ် (၂) သတ္တုတွင်း လုပ်ငန်းဌာနမှ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသည့် ရွှေစင်များကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း အပြီး ပေးသွင်းရန် အကြောင်းကြားခဲ့ပြီး ဖြစ်သော်လည်း အံဖွယ်ကမ္ဘာ၊ မိုးသောက်ကြယ် သစ်၊ ခုနစ်ခုသောရာစုနှစ်၊ အောင်စစ်သွေး၊ မြန်မာထာဝရတည်တံ့သော ကုမ္ပဏီ ငါးခုသည် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသည့် ရွှေများကို ဌာနသို့ လာရောက်ပေးသွင်းခြင်း မရှိသည့်အတွက် တရားစွဲဆို အရေးယူသွားမည် ဖြစ်သည်။

အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့်အရ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိ သည့် ကုမ္ပဏီများမှ ပေးသွင်းရမည့်ရွှေစင်များကို ပေးသွင်းခြင်းမရှိပါ ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များကို တရားစွဲဆိုအရေးယူသွားမည်ဟု အသိပေးထားသည်။

သတ္တုတွင်း ဝန်ကြီးဌာနသည် ရွှေသတ္တု အသေးစားထုတ်လုပ်မှု လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများအနက် ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိပြီး ဌာနသို့ ဆက်သွယ်ခြင်း မရှိသည့် ကုမ္ပဏီပေါင်း ၃၅ ခုကို ထုတ်ပြန်ကြေညာခဲ့သည်။

No comments: