Tuesday, March 31, 2015

အမြန်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ လူ သုံးဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ

ကျော်စိုးမိုး

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသုံးဦး သေဆုံးကာ၊ ၂၁ ဦး ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မတ် ၂၈ ရက်၊ ညနေ ၄ နာရီ ခန့်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန်သို့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် နေထိုင်သည့် ဒေါ်နီလာထွန်း မောင်းနှင်လာသည့် စူပါကာစတန် ယာဉ်သည် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၇၄/၁-၂) ကြားအရောက် ရှေ့မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် နေထိုင်သူ ဦးမင်းစိုး မောင်းနှင်သည့် လိုက်ထရပ်ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ထိုသို့တိုက်မိခဲ့သဖြင့် နှစ်စီးစလုံး တိမ်းမှောက်သွားခဲ့ပြီး လိုက်ထရပ်ယာဉ်ပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး နောက်အမျိုးသမီးတစ်ဦးမှာ နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံတွင် ကုသမှုခံယူနေစဉ် မတ် ၂၉ ရက်က နံနက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

ထို့ပြင် စူပါကာစတန် ယာဉ်မောင်းနှင့် လိုက်ထရပ်ပေါ်မှ ယာဉ်မောင်းအပါအဝင် စုစုပေါင်း ၂၁ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး နေပြည်တော်ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ စူပါကာစတန် ယာဉ်မောင်း ဒေါ်နီလာထွန်းကို သာဂရအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ) ၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု သတင်းထုတ် ပြန်ထားသည်။

No comments: