Sunday, March 29, 2015

ကြက်ခြေနီယာဉ်တန်း ပစ်ခတ်ခံရစဉ် ဒဏ်ရာရသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး

မင်းမင်း

လွန်ခဲ့သည့် တစ်လကျော်က လောက်ကိုင်တိုက်ပွဲတွင် စစ်ဘေးရှောင်ပြည်သူများကို ကယ်ဆယ် ရေးလုပ်ငန်း များ သွားရောက်ကူညီရင်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ဦးသည် မန္တလေးမြို့ဆေးရုံကြီးတွင် မတ်လ ၂၇ ရက် မွန်းလွဲ ၁၂နာရီတွင် သေဆုံး သွားခဲ့သည်ဟု ကွမ်းလုံမြို့နယ်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းမြို့က မဇ္ဈိမကို အတည်ပြုသည်။

ဒေါက်တာ သိန်းမြို့က 'အလောင်းကို မနက်ဖြန် ကွမ်းလုံကို ပြန်သယ်မယ်။ နာရေးကိစ္စကတော့ သဘက်ခါ လုပ်ကြမယ်' ဟု ပြောသည်။ သေဆုံးသွားသူမှာ ကွမ်းလုံမြို့နယ်၊ ကြက်ခြေနီအသင်းဝင်တစ်ဦးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဦးမိုးကျော်သန်း ဖြစ်သည်။

ဦးမိုးကျော်သန်းသည် အစိုးရတပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်နေသည့် လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ဒေသခံများကို သွားရောက်ကယ်ဆယ်ပြီးအပြန် ဖေဖော်ဝါရီလ ၁၇ရက်က ကြက်ခြေနီအလံလွှင့်ထူထားသည့် ယဉ်တန်းအား လုံထန်နှင့် ချင်းရွှေဟော်အကြား ပစ်ခတ်တိုက်ခိုက်ခံရစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိပြီးနောက် ကွမ်းလုံဆေးရုံတွင် ဆေးကုသမှုစတင်ခံယူခဲ့ပြီး တစ်လကျော်ကြာပြီးနောက် မန္တလေးဆေးရုံကြီးတွင်သေဆုံးသွားခြင်းလည်း ဖြစ်သည်။

'ဒဏ်ရာက ပြင်းထန်တယ်။ အူတွေက (၇) နေရာလောက် ပြတ်သွားတာလေ။ ပေါက်တဲ့နေရာက တစ်နေရာ၊ ပြတ်တဲ့နေရာက ၆နေရာ၊ စုစုပေါင်း ၇ နေရာပေါ့' ဟု သေဆုံးသွားသည့် ကိုမိုးကျော်သန်း၏ ဒဏ်ရာအခြေအနေ ကို ဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းမြို့က ပြောပြသည်။

ဦးမိုးကျော်သန်း၏ အလောင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အစဉ်အစဉ်ဖြင့် မန္တလေးမှ တစ်ဆင့် ကွမ်းလုံသို့ မတ်လ ၂၈ ရက်တွင် သယ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အမည်မဖော်လိုသည့် ၀န်ထမ်းတစ်ဦးက ပြောသည်။

'ဆုံးသွားပြီဆိုတော့ ကျွန်တော်တို့ကြက်ခြေနီအသင်းက သူ့မိသားစုအတွက် သွားပြီး ထောက်ပံ့ပေးမှာပါ' ဟု အဆိုပါ ၀န်ထမ်းက ဆိုသည်။

ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကြက်ခြေနီများ တိုက်ခိုက်ခံရမှုသည် လက်ခံနိုင်စရာမရှိသည့် လုပ်ဆောင်ချက်ဟု ကန့်ကွက်ရှုံ့ချကြောင်း ကြေငြာချက်တစ်စောင်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဖေဖော်ဝါရီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသေးသည်။

No comments: