Tuesday, March 31, 2015

သင်္ကြန်တွင်းကာလ အထည်ချုပ်ကဏ္ဍ အမှာစာထိန်းလက်ခံနေရ

နိုင်နိုင်ဇော်

သင်္ကြန်တွင်းကာလ အထည်အမှာစာလက်ခံမှုများ ထိန်းထားရသည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်အသင်းက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အထည်အမှာစာရရှိမှု တိုးတက်လာသော်လည်း နှစ်ကူးရုံးပိတ်ရက်ရှည် ရှိနေခြင်းကြောင့် အမှာစာလျှော့လက်ခံခြင်းဟု အဆိုပါအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဆိုသည်။

“အမှာစာတွေတိုးနေပေမယ့် ဒီသင်္ကြန်တွင်းပိတ်ရက်ရှည်ရှိတော့ စက်ရုံတွေအမှာစာ သိပ်လက်မခံရဲဘူး။ အလုပ်သမားတွေ ကလည်း နှစ်ကူးရုံးပိတ်ရက် မျှော်နေတာ။ နောက်လတွေမှာတော့ စက်ရုံတွေ ပုံမှန်ပြန်လည်ပတ် ကြမှာပါ” ဟု ၎င်းက ရှင်းပြသည်။

အလုပ်သမားပြဿနာများ အနည်းငယ်ရှိခဲ့သော်လည်း ယခုနှစ်အထည်ချုပ်ကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အမှာစာရရှိမှု ပိုလာနေသည်ဟုလည်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်အသင်းက ထုတ်ဖော်ပြောဆိုထား သည်။

ယခုနှစ်အီးယူနိုင်ငံများ၏ အထည်ချုပ်အမှာ စာတိုးတက်မှု ၁၀၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဂျပန်၊ ကိုရီးယာနှင့် ဟောင်ကောင်အထည်မှာယူမှု၃၀ ရာခိုင်နှုန်း တိုးတက်လာသည်ဟုလည်း အသင်းဥက္ကဋ္ဌဦးမြင့်စိုးက ထပ်မံပြောဆိုသည်။

Happy အထည်ချုပ်လုပ်ငန်းတာဝန်ရှိသူတစ်ဦးက“အလုပ်သမား ပြဿနာတွေလည်း ရှိပေမယ့် အထည်ချုပ် စက်ရုံတွေမှာ သူချိတ်နဲ့သူ ပုံမှန်လုပ်နေရသူတွေ ရှိသလို အမှာများလို့ တစ်ဆင့်အမှာချပေးတာတွေလည်းရှိပါ တယ်။ အမှာစာအများစုကတော့ အီးယူကရတာပါ” ဟု ဆိုသည်။

အီးယူနှင့် အနောက်အုပ်စုပိတ်ဆို့မှုကာလတစ်လျှောက် အထည်ချုပ်လုပ်ငန်းမှာ တောင်ကိုးရီးယား၊ ဂျပန်နှင့် ဟောင်ကောင် ဈေးကွက်များကိုသာ မှီခိုရပ်တည်ခဲ့ရသော်လည်း ယခုအချိန်တွင် အမေရိကန်နှင့် အီးယူဈေး ကွက်ပြန်လည် ပွင့်လာခြင်းကြောင့် အထည်ချုပ် လုပ်ငန်းတိုးတက်မှု အားရဖွယ်အနေအထား တစ်ခုဟုလည်း အဆိုပါလုပ်ငန်းရှင်များက ပြောသည်။

အလုပ်သမားပြဿနာနှင့် အခြေခံအဆောက်အအုံကဏ္ဍ တိုးတက်လာပါက အထည်ချုပ်တင်ပို့မှုပိုမိုတိုးတက် လာနိုင်မည်ဟု အထည်ချုပ် လုပ်ငန်းရှင်များက ပြောဆိုသည်။ ၂၀၁၄ ခုနှစ်တွင် ချုပ်ပြီးအထည်တင်ပို့မှုမှ ကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ရရှိခဲ့သည်။

No comments: