Monday, March 30, 2015

မြန်မာတိုင်းမ်ကာတွန်း တပ်မတော် ကန့်ကွက်

DVB

ပြည်တွင်း အပတ်စဉ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်ပါ ကာတွန်းနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

ခုသီတင်းပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၃၆၊ အမှတ် ၇၁၇၊ စာမျက်နှာ ၄၆ မှာ ပါရှိတဲ့ ကာတွန်းဆရာထူးရဲ့ စစ်တပ်လယ်မြေသိမ်းမှုကို သရော် ရေးသားထားတဲ့ ကာတွန်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တာပါ။

တပ်မတော်ရဲ့ကြေညာချက်မှာ လောက်ကိုင်ဒေသ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုတွေအပေါ် ဆက်စပ် ရေးဆွဲထာတာလို့ ယူဆတဲ့အကြောင်း လောက်ကိုင်ဒေသဖြစ်စဉ်မှာ တပ်မတော်သားတွေရဲ့ အသက်သွေးချွေး၊ ခန္ဓာ၊ ကိုယ်လက်အင်္ဂါ များစွာပေးဆပ် ရဲဝံ့စွန့်စားစွာ တိုက်ခိုက် ချေမှုန်းခဲ့ရကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် “မှန်ကန်သော ရပ်တည်ချက်နဲ့ အသက်ခန္ဓာ သွေးချွေးပေးဆပ်မှု များစွာဖြင့် တရားသော စစ်ကို ဆင်နွှဲနေသည့် တပ်မတော်သားများ၏ ဂုဏ်သိက္ခာနဲ့ တပ်မတော်၏ လုပ်ဆောင်ချက်များ အပေါ် ညှိုးနွမ်းထိခိုက် စေသောအဓိပ္ပာယ် သက်ရောက်သည့် ကာတွန်းအား ထည့်သွင်း ဖော်ပြခြင်းအတွက် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်းနဲ့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ ကိုယ်စား ကန့်ကွက် ပါကြောင်း” ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာတိုင်းမ်ဂျာနယ် ဒါရိုက်တာ ဦးသီဟစောကတော့ ဒီကာတွန်းကိစ္စနဲ့ ပတ်သက်ပြီး စိတ်မကောင်းတဲ့အကြောင်း မကြာခင် ထုတ်ပြန်ကြေညာဖို့ ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်ကနေပြီး မကြာခင်မှာ ထုတ်ပြန်ချက် ထွက်ပါလိမ့်မယ်၊ အဲဒီအတွက် စိတ်မကောင်းတဲ့အကြောင်း စာထုတ်ပြန်ဖို့ ရှိပါတယ်။ ကာတွန်းက ကျနော်တို့ထဲမှာ အယူအဆလွဲတာ ပါပါတယ်။ တကယ်တမ်း ပြောရရင် မြေယာသိမ်းတဲ့ကိစ္စနဲ့ လောက်ကိုင်ကိစ္စနဲ့၊ မနှိုင်းယှဉ်စရာ ၂ ခုကို နှိုင်းယှဉ်သလို ဖြစ်နေတယ်။ လောက်ကိုင်ကိစ္စကို ရည်ညွန်းသလို ဖြစ်နေတယ်။ တောင်ကုန်းတွေ သိမ်းတယ်ဆိုတာ၊ တဖက်ကနေ အထင်မြင်လွဲ စရာတွေ ဖြစ်တာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း မြန်မာတိုင်းမ် ဂျာနယ်မှာ ကာတွန်းဆရာဟန်လေးရဲ့ စစ်တပ်ကို သရော်ထားတဲ့ ကာတွန်း ဖော်ပြခဲ့တဲ့အတွက် စစ်တပ်ပိုင် မြ၀တီသတင်းဌာနက ဆောင်းပါး ရေးသားပြီး သတိပေးခဲ့ဖူးပါတယ်။

No comments: