Monday, March 30, 2015

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများသို့ စက်သုံးဆီ သယ်ယူပို့ဆောင်မည့် လုပ်ငန်းကို ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူ

သီဟကိုကို

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများသို့ စက်သုံးဆီ သယ်ယူပို့ဆောင်မည့် လုပ်ငန်းကို လုပ်ကိုင်ရန် စိတ်ဝင်စားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ တင်ဒါစတင်ခေါ်ယူထားသည်။

ဝန်ကြီးဌာန လက်အောက်ရို စက်ရုံများသို့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများကို သယ်ယူပို့ဆောင်မည့် လုပ်ငန်းကို ပြင်ပပုဂ္ဂလိကရေယာဉ်/ဆီတွဲများကို ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များသည် မိမိတို့ သယ်ပို့လိုသည့် စက်သုံးဆီ အမျိုးအစားနှင့် သက်ဆိုင်ရာ တစ်ဂါလန်သယ်ပို့ခနှုန်းထားများကို မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းသို့ အဆိုပြုတင်သွင်းရမည် ဖြစ်သည်။

စက်သုံးဆီ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)၊ ရေနံနှင့် ဓာတုဗေဒစက်ရုံစု (သံပုရာကန်)၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ပင်မ စက်သုံးဆီသိုလှောင်ဖြန့်ဖြူရေး ဌာနများသို့ ပေးပို့ရမည်ရမည် ဖြစ်သည်။

လုပ်ငန်းရှင်များသည် တင်ဒါဆိုပြုလွှာများကို ဧပြီ ၁ ရက်မှ စတင်ကာ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းတွင် ၀ယ်ယူနိုင်ပြီး ဧပြီ ၂၄ ရက်တွင်အဆိုပြုလွှာကို တင်သွင်းရမည်ဖြစ်ကာ ၎င်းနေ့တွင်ပင် တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီမှ လုပ်ကိုင်ခွင့်ရလုပ်ငန်းရှင်ကို ရွေးချယ်သွားမည် ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံနှင့် လုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ပုဂ္ဂလိကသို့ လွှဲပြောင်းဆောင်ရွက်မှု များပြားခဲ့ပြီး အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်)၊ ညောင်တုန်းဓာတ်ငွေ့ရည် စက်ရုံ၊ ကမ်းရိုးတန်းသွား စက်သုံးဆီ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စသည့် စက်ရုံ၊ လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းမည် ဖြစ်သည်။

No comments: