ရွှေဟင်္သာ
ကချင်ပြည်နယ် အတွင်း ကချင်လွတ်လပ်ရေး (KIA) လက်အောက်ခံ တပ်နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ ထပ်မံ ဖြစ်ပွား နေခြင်းကြောင့် ကချင် ပြည်နယ် တွင်း၌ လာရောက်၍ အလုပ်လုပ်ကိုင် နေကြသည့် ရခိုင် လူမျိုး ရွှေ့ပြောင်းလုပ်သား တစ်ထောင်နီးပါး နေရပ် ပြန်ရန် ကချင် ပြည်နယ် အစိုးရ အဖွဲ့နှင့် ညှိနှိုင်း နေကြောင်း မြစ်ကြီးနားမြို့ ရခိုင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဒု-ဥက္ကဌ ဦးဖြူသာချေ က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
“ရခိုင်ပြည် ပြန်နိုင်ဖို့ အတွက် မိမိ သဘော အလျှောက် ပြန်ချင်တဲ့သူ (၉၄၀) ယောက်ခန့်ကို ကချင်ပြည်နယ် အစိုးရ အဖွဲ့ကို တင်ပြ ထားတယ်။ အခု ကတော့ တိုက်ပွဲ တွေကြောင့် အရင်လို အလုပ်အကိုင် မများတော့ဘူး။ လုံခြုံရေး အတွက် စိုးရိမ် နေရတယ်။ တဖက်မှာ သူတို့ သားသမီး ပညာရေး အတွက် သူတို့ နေရပ် ပြန်မယ်။ အခု ကျွန်တော်တို့ စာပေ ယဉ်ကျေးမှု အဖွဲ့ကနေ ကချင်ပြည်နယ် နယ်စပ် ရေးရာနဲ့ လုံခြုံရေး ၀န်ကြီးမှာ စာရင်း တင်ပြီး ညှိနှိုင်း နေဆဲပေါ့” ဟု ဦးဖြူသာချေ က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
KIA နှင့် အစိုးရ တပ်တို့ အကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာနေခြင်းကြောင့် မိမိတို့ အလုပ်သမား များအနေဖြင့် အလုပ်အကိုင် ရှားပါး လာသလို လုံခြုံရေး ကင်းမဲ့ လာနေခြင်းကြောင့် ယခုကဲ့သို့ နေရပ်ရင်း ပြန်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း နေရပ်ပြန်ရန် စာရင်း ပေးထားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကချင်ပြည်နယ်သို့ လာရောက် အလုပ်လုပ်ကိုင် နေသည့် ရခိုင် အလုပ်သမား ခိုင်မောင်ဖြူက ဆိုပါသည်။
“ကျွန်တော် ကတော့ ဖါးကန့် မြို့နယ်ထဲက ခြံမှာ အလုပ်လုပ် နေတယ်။ အခုတလော ဗမာ စစ်တပ်နဲ့ ကချင် စစ်တပ် တို့ တိုက်ပွဲ ဖြစ်တာ များလာတယ်။ ထွက်ပြေး နေရတယ် လုံခြုံမှု မရှိတော့လို့ နေရပ်ရင်းကို ပြန်ဖို့ စာရင်း တင်ထား ပြီးပြီ” ဟု ခိုင်မောင်ဖြူက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
ကချင်ပြည်နယ်၌ လာရောက် အလုပ်လုပ်ကိုင် နေသည့် ရွှေ့ပြောင်း ရခိုင် အလုပ်သမား များသည် တနိုင်း (ဟူးကောင်းဒေသ)၊ ဖားကန့် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများ၊ ရွှေတူးဖော်ရေး လုပ်ငန်း များအပြင် ဝိုင်းမော်မြို့နယ် လောဆာ ဒေသ တလျှောက်ရှိ ငှက်ပျောခြံများ၌ အများစု အလုပ်လုပ်ကိုင် နေကြကြောင်း ခိုင်မောင်ဖြူက ဆက်ပြောသည်။
ကချင်ပြည်နယ်အတွင်းတွင် ရခိုင် ရွှေ့ပြောင်း အလုပ်သမား ဦးရေပေါင်း တစ်သိန်းကျော်ခန့် ရှိနိုင်ပြီး အများစုမှာ မိသားစု လိုက် ပြောင်းရွှေ့ နေထိုင် ကြခြင်း ဖြစ်ကြောင်း ဦးဖြူသာချေ ကလည်း ပြောသည်။
ထိုကဲ့သို့ နေရပ် ပြန်လိုသည့် ရခိုင် အလုပ်သမား များအား သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရ အဖွဲ့အား စာရင်း တင်ပြရသကဲ့သို့ ထိုမှ တဆင့် ကချင်ပြည်နယ် အစိုးရက ရခိုင်ပြည်နယ် အစိုးရထံ လူစာရင်း ပေးပို့ကာ ထိုသို့ ခွင့်ပြုချက် ရကြောင်း ရခိုင်ပြည်နယ် အစိုးရက အကြောင်းပြန်မှသာ နေရပ် ပြန်နိုင်မည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ရခိုင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဒု-ဥက္ကဌ ဦးဖြူသာချေ က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
ထိုကဲ့သို့ နေရပ်ပြန် အိမ်ယာခြေ မရှိသည့် သူများအား ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က စိစစ်ပြီး နေရာချထားပေးကြောင်း ဦးဖြူသာချေက ဆက်ပြောသည်။
ထိုကချင်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ နေရပ် ပြန်လာသည့် အလုပ်သမား များအား ပြန်လည် နေရာ ချထားပေးရေး စီစဉ် လုပ်ဆောင် ပေးမည်ဟု ဆိုနေသည့် အစီ အစဉ်ကို အကြမ်းဖျင်း သတင်း သိထားရ သော်လည်း အတိအကျ မသိရှိ ရသေးဟု ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ရွှေဟင်္သာသတင်းဌာနကအား ပြောသည်။
“ရခိုင်ပြည်နယ် အစိုးရကနေ အိမ်ယာခြေ မရှိတဲ့သူတွေကို နေရာ ချထားပေးမယ်လို့ အကြမ်းဖျင်းတော့ သိထားပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ဘယ်လို ပုံစံနဲ့ နေရာ ချပေးမယ် ဆိုတာ အတိအကျ မသိရှိ သေးဘူး” ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ထို့ပြင် ကချင် ပြည်နယ်၌ ရှိနေသည့် ရခိုင် အလုပ်သမားများ အနေနှင့် ယခုကဲ့သို့ အလုပ်အကိုင် အဆင်မပြေမှုများ ဖြစ်ပေါ် နေပါက ကချင်ပြည်နယ် အတွင်း လှုပ်ရှား နေသည့် လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်း မိနိုင်ခြေ ရှိသည့် အတွက်လည်း နှစ်ပြည်နယ် အစိုးရ တို့မှ ရခိုင် အလုပ် သမားများ နေရပ်ရင်း ပြန်ပို့ နိုင်ရန် စီစဉ် ဆောင်ရွက်ရန် ဖြစ်နိုင်ကြောင်း ဦးဖေသန်းက ၎င်း၏ အမြင်အား ဆက်လက် ပြောဆိုသည်။
“ဒီစစ်ပွဲ တွေကြောင့် ရခိုင် အလုပ်သမားတွေ အလုပ်အကိုင်မရှိ ဘာမရှိနဲ့ဆို ကချင်ပြည်နယ်မှာ ရှိတဲ့ ရခိုင် တပ်မတော်တို့ ကချင် တပ်ဖွဲ့ တို့မှာ လူလတ်ပိုင်း တွေက ၀င်ရောက် ပူးပေါင်း သွားမှာကို နှစ်ပြည်နယ် အစိုးရ အဖွဲ့ကနေ စိုးရိမ် နေတာ။ ဒါကြောင့် နေရပ် ပြန်ဖို့ စီစဉ် နေကြတယ်လို့ ကျွန်တော် မြင်တယ်” ဟု ဦးဖေသန်းက ၎င်း၏ အမြင်အား ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ၌လည်း ကချင်ပြည်နယ်၌ လာရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း ရခိုင် အလုပ်သမားပေါင်း ၄၁၆ ဦးအား (၂) သုတ် ခွဲ၌ ရခိုင်ပြည်နယ်သို့ ပြန်လည် ပို့ဆောင် ပေးခဲ့ပြီး ဖြစ်ကြောင်း ဦးဖြူသာချေက ဆိုပါသည်။
No comments:
Post a Comment