Wednesday, May 27, 2015

ရန်ကုန်မြို့ရှိ လူထုတန်ဖိုးထားသည့် နေရာများကို လူထုကိုယ်တိုင် ဓာတ်ပုံရိုက်စေကာ စစ်တမ်းကောက်မည်

ခင်မြတ်မြတ်ဝေ

လူထုတန်ဖိုးထားသည့် အရာများကို မြို့ပြအမွေအနှစ်ဖော်ထုတ်နိုင်ရန်အတွက် ရန်ကုန်မြို့တွင်း လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင် မြို့နယ်သုံးခုရှိ ပြည်သူများ ကိုဓာတ်ပုံ ရိုက်စေကာ ထိုဓာတ်ပုံများ မှတစ်ဆင့် သုတေသနပြုလုပ် သွားမည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT)မှ ပရောဂျက် မန်နေဂျာ ဒေါ်မေသွေးကိုက မဇ္ဈိမကို ပြောသည်။

"ကင်မာရာတစ်လုံးဆီ ခဏသူတို့ကိုပေးမယ်။ သူတို့ ပတ်ဝန်းကျင်မှာ သူတို့ကြိုက်တဲ့အရာတွေ ဓာတ်ပုံလိုက်ရိုက်ခိုင်းမယ်၊ ရိုက်တဲ့အခါမှာ အဆောက်အအုံလည်း ဖြစ်စရာမလိုဘူး။ သတ်မှတ်ချက်မရှိဘူး၊ သူတို့ကြိုက်တာကို ရိုက်လာတဲ့ ဓာတ်ပုံကိုကြည့်ပြီးမှ ဘာကြောင့်ဒီပုံကို ရိုက်တာလဲမေးမယ်၊ ကြိုက်တယ်ဆိုတာရော၊ မကြိုက်ဘူးဆိုတာရော၊ သူတို့နေချင်တဲ့ ပတ်ဝန်ကျင်းဆိုတာ ဘယ်လို့ဆိုတာကိုသိအောင် သုတေသနလုပ်တာပါ" ဟု ၎င်းကပြောသည်။

ယခုရွေးချယ်ထားသည့် မြို့နယ်သုံးခုသည် ထူးခြားသည့် အမွေအနှစ် အဆောက်အအုံများရှိသောကြောင့် ရွေးချယ်ထားခြင်းဖြစ်သည်ဟုလည်း ဒေါ်မေသွေးကိုက ဆိုသည်။

သုတေသနပြုလုပ်မှု၏ ကနဦးအဆင့်အနေဖြင့် မြို့နယ်သုံးခုမှ ပြည်သူများကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ မေးခွန်းမေးမြန်းမှုများ ပြုလုပ်နေပြီ ဖြစ်ပြီး ထိုသူများထဲမှ သုတေသနပြုလုပ်သည့် မြို့နယ်တွင် အနည်းဆုံး ငါးနှစ်နေထိုင်နေသူ အသက် ၇နှစ်မှ အသက် ၆၀ကြား စုစုပေါင်း ၁၆ဦးကို YHTက ကင်မရာများပေးကာ ဓာတ်ပုံရိုက်သည့် အစီအစဉ် လုပ်မည်ဖြစ်ပြီး ထိုဓာတ်ပုံများအပေါ် ပြန်လည်မေးမြန်းကာ စစ်တမ်းရယူမည်ဖြစ်သည်။

သုတေသနလုပ်ရာ၌ ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် ရှိစေချင်သည့် အရာများ၊ မရှိစေချင်သည့်အရာများ၊ မြင်နေကြအရာများ ပျောက်ကွယ်သွားလျှင် ဘာတွေဖြစ်လာနိုင်သလဲ စသည်တို့ကို မေးမြန်းကာ ပြည်သူများ၏ ထင်မြင်သုံးသပ်ချက်များကိုရယူမည်ဟု ဆိုသည်။

ယင်းစီမံချက်ကို နယူးဇီလန်အစိုးရ၏ ထောက်ပံ့ငွေဖြင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂၁ရာစုအတွင်း ရန်ကုန်မြို့ကို အာရှ၏နေချင်စဖွယ် အကောင်းဆုံး မြို့တစ်မြို့ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု YHTက မေ ၂၅ရက်တွင် ထုတ်ပြန်ချက်ထားသည်။

YHT အဖွဲ့တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက “ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံဥာဏ်တွေ၊ တခြားနိုင်ငံတွေက သင်ခန်းစာယူစရာတွေ၊ ဖြစ်နိုင်ခြေတွေကို တင်ပြပေးတာတွေပဲ လုပ်နိုင်တာပါ”ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

No comments: