Monday, May 4, 2015

ရန်ကုန်မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ် အစီရင်ခံစာ သမ္မတရုံးသို့ ရောက်ရှိ

ဟိန်းကိုစိုး

မတ်လ ၅ရက်၊ ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျောင်းသားများအား ထောက်ခံဆန္ဒပြသည်ကို အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ် တွင် ပါဝင်သူများ မှ ၂၀ ဦးကို မေးမြန်းထားသည့် အစီရင်ခံစာအား သမ္မတရုံးသို့ ပို့ထားပြီးဖြစ်ကြောင်း ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က မဇ္ဈိမကို ပြောသည်။

"အားလုံး၂၈ဦး၊ ကျောင်းသား ၈ဦးက ဖိတ်တာမလာဘူး။ အဲဒီထဲမှာ တစ်ကယ့်ကျောင်းသား ၂ဦးပဲ ပါတယ်လို့ တက္ကသိုလ် မှာ မှတ်ပုံတင်ထားတဲ့ အထောက် အထားက တစ်ဆင့် မော်ကွန်းထိန်းတွေ ထွက်ဆိုချက်တွေ အရ သိရတယ်။" ဟု ဦးသန်းအောင်က ဆိုသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ဖြိုခွင်းမှုတွင် ပါဝင်ပက်သက်သည့် ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှုး၊ အနောက်ပိုင်း ခရိုင် အုပ်ချုပ်ရေးမှုး၊ တက္ကသိုလ် များမှ မော်ကွန်းထိန်းများ၊ လက်ပတ်နီဝတ်ခေါင်းဆောင်များ၊ ဒေသခံပြည်သူအချို့ အပါအ၀င်၂၀ ဦးကို မတ်လ ၁၃ရက်မှ ၃၀ရက်ထိ စစ်ဆေးပြီး ရေးသားခဲ့ သည့် အစီရင်ခံစာအား မတ်လ ၃၁ရက် ကတည်းက နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ခဲ့သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က မဇ္ဈိမကိုပြောသည်။

မြို့တော်ခန်းမရှေ့ ဖြိုခွင်းမှုတွင် ပါဝင်သည့် လက်ပတ်နီဝတ်များကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှုး နှင့် ရပ်မိရပ်ဖတို့ က ခေါ်ဆောင် လာခြင်းဖြစ်ကြောင်း ဦးသန်းအောင်က ဆိုသည်။

ယင်းဖြိုခွင်းမှုအပြီး မတ်လ ၁၀ရက်တွင် အမျိုးသားပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးထောက်ခံဆန္ဒပြသူများအား လူစုခွဲပြီး ဖမ်းဆီးခဲ့သည့် ဖြစ်စဉ် အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှုးချုပ်ကျော်ကျော်ထွန်း ဦးဆောင်ပါဝင်သည့် ၅ဦး ကော်မရှင်ကို သမ္မတရုံးက ဖွဲ့စည်းပေးပြီး လုပ်ထုံးလုပ်နည်း မှန်မမှန်၊ ဥပဒေ နှင့် ညီမညီ၊ ထိုဖြစ်ရပ်မျိုး ထပ်မဖြစ်ရန် ပြုလုပ်သင့်သည့် အကြံပြုချက်များကို မတ်လ ၃၁ ရက်နောက်ဆုံးထားကာ အစီရင် ခံစာတင်ရန် တာဝန်ပေးခဲ့သည်။

စစ်ဆေးမေးမြန်းခံရသည့် ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမျိုးနိုင်ကို ဆက်သွယ်မေးမြန်းရာတွင် ကော်မရှင်သို့ ရှင်းလင်း ထွက်ဆိုပြီးဖြစ် သဖြင့် မည် သည့်မှတ်ချက်မှ ဖြေရှင်းလိုခြင်း မရှိကြောင်း မဇ္ဈိမကိုပြောသည်။

မတ်လ ၅ရက်၊ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပညာရေး ပြုပြင်ပြောင်းလဲရေး သပိတ်စစ်ကြောင်းကို ထောက်ခံသည့် ဆန္ဒပြမှုကိုရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က လက်ပတ်နီဝတ် အရပ်သားများကို အသုံးပြု၍ ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အခြေစိုက် ရဲတပ်ရင်းမှ ရဲမှုးချုပ်အဆင့်ရှိသူ တစ်ဦးကမူ ရဲအက်ဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈တို့အရ အရံရဲအင်အား အသုံးပြုကာ လူစုလူဝေးကို ဖြိုခွင်းနိုင် သည်ဟု ဖြိုခွင်းမှုဖြစ်ပွားပြီးနောက် မဇ္ဈိမကို မတ်လ ၅ရက်က ပြောထားသည်။

အမျိုးသားပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးထောက်ခံဆန္ဒပြသူများအား လူစုခွဲပြီး ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ၏ အစီရင်ခံစာကို မတ်လ ၃၁ရက်တွင် ရရှိထားသည်ဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိက မဇ္ဈိမကို ယနေ့ပြောသည်။

"အစီရင်ခံစာက ရောက်နေပြီ။ သမ္မတနိုင်ငံခြားခရီးနဲ့ သင်္ကြန်ပိတ်ရက်ကြောင့် မထုတ်ပြန်ဖြစ်သေးတာ၊ အချိန်အတိအကျ မပြောနိုင်ပေမယ့် ကော်မရှင်က တစ်ဆင့်ပဲ အကုန်လုံးထုတ်ပြန်ပေးမှာပါ။" ဟု အကြီးတန်းအရာရှိက ပြောသည်။

No comments: