Wednesday, May 27, 2015

အဆင့်မြင့် ပညာရေးဥပဒေ ကိစ္စ လွှတ်တော်နှင့် ပညာရေးဝန်ကြီးဌာန သဘောထား ကွဲလွဲ

သူဇာ

အဆင့်မြင့် ပညာရေးဥပဒေ ရေးဆွဲရာတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရေး ၀န်ကြီးဌာနတို့ အကြား သဘောထားကွဲလွဲမှု ရှိနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဆင့်မြင့် ပညာရေးဥပဒေ ရေးဆွဲရေး ကော်မတီ၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်၊ လွှတ်တော်တွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးတွင် ကျင်းပသည့် အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရေး အစည်းအဝေးကို ယနေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) မှ ကိုဇေယျာလွင်က “အဆင့်မြင့် ပညာရေးအောက်က အသက်မွေးဝမ်းကျောင်း ပညာရေးနဲ့ ပတ်သက်ပြီး ပညာရေး ၀န်ကြီးဌာနဘက်က အယူအဆနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က အယူအဆ တော်တော် ကွဲလွဲနေတယ်။ သူတို့အကြား တော်တော် ဆွေးနွေးနေကြတာ တွေ့ရတယ်။ ကျနော်တို့ကတော့ လေ့လာတဲ့ သဘောလောက်ပါပဲ။ ဒီနေ့ အစည်းအဝေးမှာ အခြားအကြောင်းအရာ သိပ်မဆွေးနွေးဖြစ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် အဆင်ြ့မင့် ပညာရေးဥပဒေ ရေးဆွဲရေး ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)၊ မြေလတ် ကျောင်းသားများ သမဂ္ဂ၊ သိပံ္ပနှင့် နည်းပညာ ဌာနမှ ဒုဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်၊ ပညာရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာအောင်မင်း စသူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရေး ကော်မတီ၏ ဖိတ်ကြားမှုကြောင့် အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက် ကန့်ကွက်ခဲ့ကြသည့် ကျောင်းသားကိုယ်စားလှယ်များမှ အောင်နေပိုင်၊ ဘုန်းပြည့်ကြွယ်၊ ဇေယျာလွင်၊ နန်းလင်း၊ ရဲဇာနည်ထွန်း၊ ချစ်ဝင်းမောင်၊ မင်းဟံတလမွန်၊ တင့်ထူးအောင်၊ သန့်ဇင်ထွန်း၊ မျိုးမင်းပိုင်၊ ထက်မြတ်လှိုင်နှင့် အိမ့်ပိုချစ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ဆွေးနွေးပွဲတွင် အဆင်ြ့မင့် ပညာရေးဆိုသည့် ခေါင်းစဉ်ကို အဓိပ္ပါယ် ဖွင့်ဆိုနည်း၊ အဆင့်မြင့် ပညာရေး အောက်တွင် အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် တက္ကသိုလ် ပညာရေးကို မည်သို့မည်ပုံ ပေါင်းစပ်မည်ဆိုသည့် ကိစ္စများကို အသေးစိတ် ဆွေးနွေးခဲ့သည်ဟု သိရသည်။

အဆင့်မြင့် ပညာရေးဥပဒေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အဆင့်မြင့် ပညာရေးဥပဒေ ရေးဆွဲရေး ကော်မတီက ဆောင်ရွက်လျက်ရှိပြီး၊ တဖက်တွင်လည်း လွှတ်တော်သို့ တင်သွင်းထားသည့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အခြေအနေမှာ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အကြား သဘောထား ကွဲလွဲမှုများ ရှိနေသည့်အတွက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် အမျိုးသားလွှတ်တော်က မေလ ၁၈ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

လွှတ်တော် နှစ်ရပ်ကြား ကွဲလွဲချက်များတွင် အမျိုးသားပညာရေး ဥပဒေမူကြမ်းပါ ပညာရေး အသုံးစရိတ်ကို အစိုးရ အသုံးစရိတ် အားလုံး၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်ချက်၊ တက္ကသိုလ် ကောင်စီများနှင့် ပညာရေး မူဝါဒများ ရေးဆွဲရာတွင် ပါဝင်သင့်သူများနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲနေခြင်းဖြစ်ကြောင်း သိရသည်။

No comments: