Thursday, May 7, 2015

ကားတင်သွင်းစရိတ်များ မြင့်တက်နေခြင်းကြောင့် ကားအရောင်းအဝယ် အေးနေ

နိုင်နိုင်ဇော်

ဒေါ်လာဈေး မြင့်တက်ခြင်း၊ ကညန အခွန်ကောက်မှုများခြင်း၊ ဂျပန်လေလံဈေး မြင့်တက်မှုများကြောင့် ရန်ကုန်ကား ဈေးကွက်အတွင်း ကားဈေးများမြင့်တက်ပြီး အရောင်းအဝယ်အေးလျက် ရှိသည်ဟု မြန်မာနိုင်ငံ ယာဉ်ဝယ်ရောင်း လုပ်ငန်းရှင်များအသင်းနှင့် ယာဉ်ရောင်းဝယ်ရေးစခန်း တာဝန်ရှိသူများက ပြောဆိုသည်။

ကားတင်သွင်းမှု ကုန်ကျစရိတ်များ မြင့်တက်လာရာမှ ဝယ်ယူသူ နည်းပါးလျက် ရှိကာ ကားဝယ်ရောင်း အများစုမှာ ဝယ်သူမျှော်နေရသည်ဟု မြန်မာနိုင်ငံ ယာဉ်ဝယ်ရောင်း လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမင်းဦးက ပြောသည်။

“ကညနအခွန်၊ ဂျပန်လေလံဈေး၊ Custom ဂျူတီ (အကောက်ခွန်) နဲ့ ဒေါ်လာဈေးတွေ အကုန်လုံးတက်တော့ ဘယ်သူမှ ကားဝယ်ချင်စိတ် မရှိတော့ဘူး၊ သွင်းတဲ့စရိတ်တွေ တက်ကုန်ပြီး ဝယ်စီးသူက မရှိသလောက် ဖြစ်နေတော့” ဟု ဦးမင်းဦးက ပြောသည်။

ဂျပန်ကားဟောင်း လေလံဈေးကွက်အတွင်း ကားရှားလာခြင်းကြောင့် ယခင်က ဂျပန်ယန်း ၂ သိန်းခွဲတန် ၂၀၁၀ မော်ဒယ်ကားများမှာ ယန်း လေးသိန်းခွဲအထိ မြင့်တက်နေပြီး ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့်လည်း ဂျပန် ယန်းတန်ဖိုး မြင့်တက်နေသည်ဟု ဆိုသည်။

ထို့အတူ ယခင် ကားသွင်းရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) သို့ ပေးဆောင်ရသည့် အခွန် ၈၀ ရာခိုင်နှုန်းမှ ယခုအခါ အခွန် ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း၊ ကားမော်ဒယ်အလိုက် ပေးဆောင်ရသည့် အကောက်ခွန်မှာလည်း ယခင် ၁၂ သိန်းတန် ကားမှာ ယခုအခါ ၁၄ သိန်းအထိ တိုးမြင့် ပေးဆောင်နေရခြင်းကြောင့် ကားတစ်စီး ကုန်ကျစရိတ် မြင့်တက်လာခဲ့သည်။

စီးပွားကူးသန်း ဝန်ကြီးဌာနမှ ကားရပ်နားရန်နေရာ ရှိသူများကိုသာ ကားတင်သွင်းခွင့် ပေးအပ်သည့် ရပ်နားပါမစ် တောင်းခံမှုများကြောင့်လည်း ကားဝယ်ရောင်းဈေးကွက် ပိုမိုအေးစက်နေရသည်ဟု လှိုင်ယာဉ်ရောင်း ဝယ်စခန်းမှ ကားဝယ်ရောင်း လုပ်ငန်းရှင် ဦးတီးတီးက ပြောသည်။

ကားဝယ်ရောင်း ဈေးကွက်အတွင်း ကားဝယ်သူ မရှိခြင်းကြောင့် ယာဉ်အစီးရေ ၅၀၀ ဝန်းကျင် ရပ်နားနိုင်သည့် လှိုင်ယာဉ်ရပ်နားစခန်းနှင့် ယာဉ်အစီးရေ ၁,၀၀၀ ဝန်းကျင် ရပ်နားနိုင်သည့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်း ကားလာရောက်ရောင်းချသူ ကျဆင်းသွားသည်ဟု ယာဉ်ရောင်းဝယ်ရေးစခန်း တာဝန်ရှိသူများက ပြောဆိုသည်။

No comments: