ဖနိဒါ
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းတွင်ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေးပွဲတွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် စစ်သေနာပတိချုပ် ဦးပေါက်ယိုချမ်းက ကြိုဆိုနှုတ်ဆက်စကားပြောရာတွင် "လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တစ်နိုင်ငံလုံး စစ်ရပ်စဲရေး အကောင်အထည်ဖေါ်ရာတွင် များပြားလှသော မသေချာ မရောမှုများနှင့် တိုက်ပွဲများရှိနေဆဲဖြစ်သည်။ စစ်ပွဲ မရပ်နိုင်သေးသမျှကာလတွင် တစ်နိုင်ငံလုံး စစ်ရပ်စဲရေး စာချုပ်သည် စက္ကူပေါ်က စာများသာ ဖြစ်ပါသည်။" ဟု ပြောသွားသည်။
ဦးပေါက်ယိုချမ်း၏ အဖွင့်စကားအပေါ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ တွေ့ဆုံဆွေးနွေးပွဲ၏ အလုပ်အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဖွင့်လည်း ကောင်းတယ်။ နောက် ကြိုဆိုဧည့်ခံတာတွေ၊ သူတို့ရဲ့သဘောထားတွေ၊ ဝ ခေါင်းဆောင်ကြီးတွေ အနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဒီလို စတင်ပြီးတော့ ထဲထဲဝင်ဝင် အလုပ်လုပ်ဖို့ စပြီးတော့ ဖိတ်ခေါ်ကမ်းလှမ်းတာ ဖြစ်တဲ့အတွက် တိုင်းရင်းသား ညီညွတ်ရေးအတွက် အင်မတန်ကောင်းတဲ့ တွေ့ဆုံပွဲဘဲလို့ ဖွင့်ပွဲမှာ ကြည့်လိုက်တာနဲ့ အကဲခတ်လို့ ရတာပေါ့ဗျ”ဟု သူက မဇ္ဈိမကို ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲကို မေ ၁ရက် နံနက် ၈ နာရီတွင် စတင်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့မှ မိမိတို့၏ အမြင်သဘောထားများကို တင်ပြဆွေးနွေးခဲ့သလို၊ ညနေပိုင်းတွင်လည်း အဖွဲ့အစည်း သုံးဖွဲ့မှ ယင်းတို့၏ သဘောထားများကို တင်ပြကြမည် ဖြစ်ကြောင်း ဆွေးနွေးပွဲသို့ အထူးဖိတ်ကြားခြင်း ခံရသူလည်း ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဖွဲ့လျှင် သုံးဦးဆီ အနည်းဆုံး တက်ရောက်နေပြီး ကိုယ်စားလှယ် စုစုပေါင်း ၅၀ ဦး တက်ရောက် ဆွေးနွေးနေလျက်ရှိသည်။
ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSPP)၊ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA/PSLF)၊ "ဝ" ပြည် သွေးစည်းညီညွတ်ရေး ပါတီ(UWSP) နှင့် ရက္ခိုင့်တပ်မတော် (AA) စသည့် အဖွဲ့ ၁၂ ဖွဲ့ တက်ရောက်နေခြင်း ဖြစ်သည်။
ယင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို မေလ ၁ ရက်မှ ၃ ရက်ထိ ကျင်းပရန် မူလက စီစဉ်ခဲ့သော်လည်း ၃ ရက်တွင် အားလပ်ရက်အဖြစ် သတ်မှတ်လိုက်ပြီး လာမည့် မေလ ၆ ရက်ထိ တွေ့ဆုံဆွေးနွေးမှုကို ၅ ရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။
ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ၎င်းတို့၏ ပန်ဆန်းဌာနချုပ်သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ ကိုဖိတ်ကြားကာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း၊ ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း နိုင်ငံရေး အကျပ်အတည်း ကိစ္စများကို ၂၀၁၅ ခုနှစ် မေလ ၁ ရက်မှ ၃ ရက်အထိ ဆွေးနွေးမည် ဖြစ်သည်။
ဧပြီလ ၃၀ ရက်က တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာသော တိုင်းရင်းသား အဖွဲ့အစည်း ၁၂ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များအား "၀" ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ဌနာချုပ် ပန်ဆန်းမြို့တွင် အိမ်ရှင်အဖွဲ့က ဝ တိုင်းရင်းသား ရိုးရာအကများနှင့်အတူ ညစာစားပွဲဖြင့် ဧည့်ခံကြိုဆိုခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment