Monday, May 25, 2015

လှေစီးဒုက္ခသည်များ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးရှိသင့်ဟု ကန်ဒုနိုင်ငံခြားရေး ၀န်ကြီးပြော

တင်ထက်ပိုင်

ရခိုင်ပြည်နယ်မှ စွန့်ခွာသွားသည့် လှေစီး ဒုက္ခသည်များသည် လိုအပ်ချက်များနှင့် ကိုက်ညီပါက မြန်မာနိုင်ငံသားဖြစ်ရန် အခွင့်အလမ်းများ ရှိသင့်ကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန်က ပြောဆိုသည်။

“နိုင်ငံသား ဖြစ်ဖို့ လိုအပ်ချက်တွေ ပြည့်စုံတယ်ဆိုရင် သူတို့အတွက် ဒီနိုင်ငံမှာ အနာဂတ် ရှိနိုင်ဖို့နဲ့ နိုင်ငံသားဖြစ်ဖို့ အခွင့် အလမ်း တွေ ရှိသင့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မသေချာမှုတွေဟာ သူတို့ကို ဒီနိုင်ငံ ကနေ စွန့်ခွာသွားအောင် ဖန်တီး နေတာကြောင့် ပါပဲ” ဟု မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ အမေရိကန်စင်တာ၌ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘလင်ကန်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ သတင်းအချက်အလက်များအရ ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြားတို့မှ ကယ်ဆယ်ရရှိထားသော လှေစီးဒုက္ခသည်များ၏ တဝက်ခန့်သည် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်မှ ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် တွေ့ကြုံ နေရ သော ကြမ်းတမ်းသည့် အခြေအနေများကြောင့် နေရပ်ကို စွန့်ခွာခဲ့သူများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ရှိ ဒုက္ခသည်များသည် စီးပွားရေးနှင့် လူမှုရေးအရ ချန်လှပ်ခံထားရခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပဋ္ဋိ ပက္ခ များ ခံစားနေရသည့်အတွက် ပိုကောင်းသည့် အနာဂါတ်ကို ရှာဖွေရင်း အန္တရာယ် ကျရောက်စေခြင်း ဖြစ် ကြောင်း ၊ မြန်မာ နိုင်ငံ အစိုးရ အနေနှင့် ရခိုင်တွင် နေထိုင်သူ အားလုံးအတွက် လူနေမှုဘဝများ တိုးတက် ကောင်းမွန် လာ အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းလည်း မစ္စတာ ဘလင်ကန်က ပြောကြားသည်။

“ရေရှည်အဖြေတခု ရရှိဖို့ဆိုရင်တော့ အစိုးရဟာ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေ အကုန်လုံးရဲ့ လူနေမှု ဘဝတွေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုတွေ၊ အခြေခံ လွတ်လပ်ခွင့် တွေ စတာတွေကို ကတိကဝတ် ခံထားတဲ့အတိုင်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

လှေစီးဒုက္ခသည်များ အရေးသည် ကပ္ပလီပင်လယ်နှင့် မလက္ကာရေလက်ကြား ဒေသရှိ နိုင်ငံများအားလုံး၏ ဒေသတွင်း အရေး တခု ဖြစ်ကြောင်းနှင့် ယင်းဒေသအတွင်းရှိ နိုင်ငံများအားလုံးက နိုင်ငံတကာ စံနှုန်းများ၊ ဥပဒေများနှင့်အညီ ရွှေ့ ပြောင်း နေထိုင်ခွင့် အကူအညီများ အမြန်ဆုံး ပေးနိုင်ရန်၊ လူသားချင်း စာနာမှုဆိုင်ရာ ဆေးဝါးအထောက်အပံ့များ ပေးနိုင်ရန်နှင့် လူသားဆန်စွာ ဆက်ဆံကြရန် တိုက်တွန်းကြောင်း၊ မေလ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ရွှေ့ပြောင်းဒုက္ခသည်များအရေး ဆွေးနွေးပွဲမှ ပြဿနာများ၏ အဓိက သော့ချက်ဖြစ်သော ဒေသတွင်း လူမှောင်ခိုကူး မှု များကို ကာကွယ်နိုင်ရန် အကြံဥာဏ်သစ်များ ရရှိနိုင်ရန် မျှော်လင့်ကြောင်း အမေရိကန် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ပြောသည်။

“ဘယ်လူမျိုး၊ ဘယ်ဘာသာဖြစ်ပါစေ နိုင်ငံတွင်းမှာ နေထိုင်သူတိုင်းအတွက် လူအခွင့်အရေးဆိုင်ရာ လေးစားမှု၊ အကာ အကွယ် ပေးမှုတွေနဲ့ ဘာသာကိုးကွယ်မှုဆိုင်ရာ လွတ်လပ်ခွင့် အပါအဝင် အခြေခံ လွတ်လပ်ခွင့်တွေဟာ နိုင်ငံရဲ့ လုံခြုံ ရေး၊ တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်” ဟု မစ္စတာ ဘလင်ကန်က ပြောသည်။

မြန်မာ့စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လှေစီးဒုက္ခသည် အများစုမှာ UNHCR မှ အထောက်အပံ့များ ရလိုသဖြင့် မြန်မာနိုင်ငံမှ လာသည် ရိုဟင်ဂျာများ ဖြစ်သည်ဟု ပြောဆိုသူများ ရှိနေနိုင်သဖြင့် သေချာစွာ စစ်ဆေးရန် လိုအပ် ကြောင်း မေလ ၂၁ ရက်နေ့ မစ္စတာ ဘလင်ကန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

မေလ ၂၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၈ ဦးကို တင်ဆောင်လာသော စက်လှေတစီးကို မြန်မာ့ရေတပ်က ဖမ်းဆီး ရမိပြီး ရခိုင်ပြည်နယ် အစိုးရက ယာယီစခန်းများ ဖွင့်လှစ်ကာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးခြင်းနှင့် စိစစ်မှုများ ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

No comments: