Monday, November 7, 2016

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကျားဖြူပါတီ ၇ နေရာဝင်ပြိုင်မည်

နန်းဆိုင်ဖူး


လာမည့်နှစ် ဧပြီလတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ SNDP မှ သျှမ်းပြည်တွင်းရှိ မိုင်းရှုးမြို့နယ်၊ကျေးသီးမြို့နယ် နှင့် ကျိုင်းတုံမြို့တို့တွင် ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ကပြောသည် ။

သျှမ်းပြည်နယ် အတွင်းလွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာ ၈ နေရာအနက် ကျားဖြူပါတီအနေဖြင့် လွှတ်တော်ကိုယ်စား လှယ် ၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည် ။

“ ပြည်သူ့လွှတ်တော် ၂ နေရာ နဲ့ ပြည်နယ်လွှတ်တော် ၅ နေရာပေါ့။ ညောင်ရွှေမှာတော့ မဝင်တော့ဘူး ဘာကြောင့် လည်းဆိုရင် သျှမ်းလူထု အရမ်းနည်းတယ်။ ဘယ်လိုကြိုတင်ပြင်ဆင်ထားလဲဆိုတော့ အမတ်လောင်း တွေက အရင်ကတည်းက ရွေးထားပြီးပြီ။ ၂၀၁၅ ခုနှစ်ကတည်းက ရွေးထားတဲ့ သူတွေဘဲ ပြန်ယူမယ်။ ဝင်ရောက် ယှဉ်ပြိုင်မှာက အနိုင်ရဖို့အတွက် ရည်မှန်းထားတယ်၊ အနိုင်ရဖို့ မမျှော်မှန်းထားရင် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး။ ညောင်ရွှေလိုမျိုးဆို မယှဉ်ပြိုင်ဘူး အနိုင်ရဖို့ မမျှော်မှန်းထားလို့လေ” ဟု ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း က သျှမ်းသံတော်ဆင့်အား ပြောပြသည် ။

အဆိုပါ မဲဆန္ဒနယ်များအနက် ကျေးသီးနှင့် မိုင်းရှူးမြို့နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပခါနီး တပ်မ တော်နှင့် SSPP/SSA တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပရေး ရုပ်သိမ်း ပယ်ဖျက်ခဲ့ခြင်းဖြစ်သည် ။

“ လွှတ်လပ်ဖို့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံရမယ်။ ပြည်သူလူထုတွေ ဘယ်ပါတီကိုမဆို လွတ်လွတ်လပ်လပ် ဆန္ဒမဲ ထည့်စေချင်တယ်။ အဲ့လိုမျိုးဖြစ်ချင်တယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှာတင်ထားတယ် ကြိုတင်မဲ မရှိသင့်ဘူးလို့။ ကြိုတင်မဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး” စိုင်းအိုက်ပေါင်း ကပြောသည် ။

၂၀၁၇ ခု ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၈ ခုရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလဆန်းက ကြေငြာခဲ့သည် ။

သျှမ်းပြည်နယ်တွင် မိုင်းရှူးမြို့နှင့်ကျေးသီးမြို့တို့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာစီနှင့်ပြည်သူ့လွှတ်တော် ၂ နေရာစီ၊ ကျိုင်းတုံမြို့နှင့် ညောင်ရွှေမြို့တို့တွင် ပြည်နယ်လွှတ်တော် ၁ နေရာစီ စုစုပေါင်း ၈ နေရာ လစ်လပ်နေပါသည် ။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲက မကျင်းပခဲ့ရသည့် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးကော်မတီထိန်းချုပ် နယ်မြေအတွင်းရှိ ပန်ဆန်း ၊ နားဖန်း ၊ ပန်ဝိုင် ၊ မိုင်းမော ၄ မြို့နယ်နှင့် NDAA မိုင်းလားတပ်ဖွဲ့၏ မိုင်းလားမြို့ နယ်တို့ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေထဲတွင် မပါဝင်ပေ ။

No comments: