Monday, November 7, 2016

ရန်ကုန်တွင် ဗြိတိန်နိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွား

DVB


ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့နယ်မှာ ဗြိတိန်နိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာက လူသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ မြန်မာပြည်ကနေ ထွက်ပြေးသွားပြီလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၄ ရက် ညနေက သာကေတမှာနေထိုင်တဲ့ တရားလို ထိုင်းနိုင်ငံသူ ဆူပတ်ချယာ စီချွမ်ပူးနဲ့ ခင်ပွန်း ဗြိတိန်နိုင်ငံသား မစ္စတာ ပီတာဂရီဖာဂူဆန် (၄၇ နှစ်) တို့ဟာ ကျောက်တံတားမြို့နယ် အမှတ် ၈ ရပ်ကွက်၊ ၃၉ လမ်းမှာ နေထိုင်တဲ့ မိတ်ဆွေ မစ္စတာ ဟာရစ်ဂျွန်အီတာလိုဘီနိုတီ (၂၅ နှစ်) (ကျူးလွန်သူ) နဲ့ ၎င်း၏ချစ်သူ အယ်လ်ဆီဒီဗိုလ်ဒါတို့နဲ့အတူ ရှုခင်းသာလမ်းပေါ်ရှိ Up Town ဟိုတယ် ပါတီပွဲကို အတူသွားရောက်ခဲ့ကြကြောင်း၊ ဒီ့နောက် ခင်ပွန်းဖြစ်သူဟာ ကျောက်တံတားမြို့နယ်ရှိ မစ္စတာ ဟာရစ်ရဲ့ နေအိမ်သို့ လိုက်ပါသွားခဲ့ကြောင်း၊ နိုဝင်ဘာ ၅ ရက် မနက် ၄ နာရီခန့်မှာ ကျူးလွန်သူရဲ့ချစ်သူ အယ်လ်ဆီက တရားလိုထံ ဖုန်းဆက်ပြီး မစ္စတာ ဟာရစ်နဲ့ တရားလိုရဲ့ ခင်ပွန်းဖြစ်သူတို့ ခိုက်ရန်ဖြစ်ပွားနေကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် အဲဒီ နို၀၀င်ဘာ ၅ ရက်နေ့ မနက် ၆ နာရီခွဲမှာ တရားလိုက ခင်ပွန်းဖြစ်သူထံ ဖုန်းဆက်ရာမှာ မစ္စတာ ဟာရစ် (ကျူးလွန်သူ) က ဖုန်းကိုင်ပြီး တရားလိုရဲ့ ခင်ပွန်းဖြစ်သူမှာ အိပ်ပျော်နေတယ်လို့ ပြန်လည်ပြောကြားခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီလောက်မှာ တရားလိုက ထပ်မံဖုန်းခေါ်ရာ ဖုန်းကိုင်ခြင်းမရှိတော့ကြောင်း၊ တနေကုန်ဖုန်းခေါ်နေသော်လည်း ဖုန်းကိုင်မယ့်သူမရှိကြောင်း၊ နိုဝင်ဘာ ၆ ရက် မနက် ၆ နာရီခန့်မှာ ကျူးလွန်သူရဲ့ချစ်သူ အယ်လ်ဆီက တရားလိုရဲ့နေအိမ်ကို လာခေါ်တဲ့အတွက် အခင်းဖြစ်နေအိမ်သို့ ရောက်ရှိလာရာမှာ တရားလိုရဲ့ ခင်ပွန်းဖြစ်သူဟာ အခန်းတွင်းမှာ ပက်လက်အနေအထားအတိုင်း ဦးခေါင်းနဲ့ ရင်ဘတ်မှာ ဖူးရောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ရဲမှတ်တမ်းကိုကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ကျူးလွန်သူနဲ့ သေဆုံးသူတို့ဟာ ဗြိတိန်နိုင်ငံသားတွေဖြစ်ပြီး ကျူးလွန်သူကတော့ နိုဝင်ဘာ ၅ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းလိုင်းနဲ့ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူ ဗြိတိန်နိုင်ငံသား မစ္စတာ ဟာရစ်ဂျွန်အီတာလိုဘီနိုတီကို ကျောက်တံတားမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

သေဆုံးသူ ပီတာဂရီဖာဂူဆန်ဟာ ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ Horizon International School က ကျောင်းဆရာလို့ သိရပါတယ်။

No comments: