Monday, November 21, 2016

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိလ္လာရေဆိုး သန့်စင်စက်ရုံများကို ၂၀၂၀ ပြည့်နှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်း

မဇ္ဈိမသတင်းဌာန

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖော်ဆောင်မယ့် မိလ္လာရေဆိုး သန့်စင်စက်ရုံများကို ၂ဝ၂ဝ ပြည့်နှစ်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) တာဝန်ရှိသူ တစ်ဦးထံမှ သိရတယ်လို့ မြ၀တီနေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။

မိလ္လာရေဆိုး သန့်စင်စက်ရုံများ ဆောင်ရွက်မည်ဆိုပါက ဘတ်ဂျက်ငွေ လိုအပ်ချက်၊ တည်ဆောက်မယ့် နေရာနှင့် ကုန်ကျစရိတ် လုံလောက်မှု ရှိရန် လိုအပ်တာကြောင့် လက်ရှိ အခြေအနေအရ တည်ဆောက်ရန် မဖြစ်နိုင်သေးပေမယ့် ၂ဝ၂ဝ ပြည့်နှစ်တွင် စတင် အကောင်အထည် ဖော်နိုင်ရန် မျှော်မှန်းထားကြောင်း သိရပါတယ်။

လက်ရှိတွင် စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါတယ်။

ရန်ကုန်မြို့မှာ တည်ဆောက်ထားတဲ့ မိလ္လာရေဆိုး သန့်စင်စက်ရုံဟာ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းမှာ တည်ရှိပြီး တစ်မြို့လုံး အတိုင်းအတာမှ မိလ္လာရေဆိုးများကို ရေကောင်းအဖြစ် သန့်စင်ကာ ရန်ကုန်မြစ်အတွင်း စွန့်ပစ်နေလို့ သိရှိရပါတယ်။

မိလ္လာရေဆိုး သန့်စင်စက်ရုံများ တည်ဆောက်ရန် လျာထားချက်မှာ လက်ရှိ အခြေအနေအရ စက်ရုံတစ်ခုသာ ရှိနေတဲ့အတွက် ခရိုင်တစ်ခုချင်းစီတွင် မိလ္လာရေဆိုး သန့်စင်စက်ရုံတစ်ခု တည်ဆောက်ပေးနိုင်ရန် လျာထားတာဖြစ်ပါတယ်။ အဆိုပါစီမံကိန်း အကောင်အထည် ဖော်ပြီးပါက ရန်ကုန်မြို့ရှိ အများပြည်သူများရဲ့ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုကို လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

No comments: