Monday, November 7, 2016

ကသာမြို့ရှိ ဖုန်းဆိုင်ဖောက်ထွင်းမှု ၄၈ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး

သီဟဆွေ (ကသာ)


ကသာမြို့၊ ညဈေးတန်းထောင့် New Shine Mobile ဖုန်းဆိုင်ကို နိုဝင်ဘာ ၅ ရက်နေ့က ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ရာ ၄၈ နာရီအတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကသာမြို့ ညဈေးတန်းလမ်းထောင့်က ဖုန်းဆိုင်တဆိုင် ဖောက်ထွင်းခံရကြောင်း တိုင်တန်းချက်အရ ကသာမြို့မရဲစခန်း တာဝန်ရှိသူတွေက အပူတပြင်း လိုက်လံရှာဖွေကြရာ မသင်္ကာဖွယ်တဦးထံမှ သဲလွန်စရရှိပြီး ဖောက်ထွင်းရာမှာ ပါဝင်ခဲ့တဲ့ ၄ ဦးကို ဖုန်း ၂၂ လုံးနဲ့အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်းဆိုင်ဖောက်ထွင်းရာမှာ ဘေးဆိုင်ခန်းဖြစ်တဲ့ သစ်သီးအရောင်းဆိုင်ခန်းသော့ကို ဖျက်ပြီး သံဆန်ခါကို ဖြတ်ဝင်ခိုးယူသွားခဲ့တာ ဖြစ်သလို ဖုန်းအမျိုးအစားစုံ စုစုပေါင်း ငွေကျပ် သိန်း ၃၀ တန်ဖိုးခန့် ခိုးယူခံခဲ့ရတာလို့ ဆိုင်ပိုင်ရှင် ဇေယျာမိုးက ပြောပါတယ်။

အခုလို ဖုန်းဆိုင်ဖောက်ထွင်းခဲ့သူ ထက်နိုင်ဝင်း (၂၀-နှစ်)၊ နိုင်မင်းအေး (၁၇-နှစ်)၊ မျိုးဆန်း (၁၅-နှစ်)၊ ဖုန်ဆန်းအောင် (၁၆-နှစ်) တို့ ၄ ဦးကို ရဲကဖမ်းဆီးထားပါတယ်။

အဲဒီနောက် ဆက်လက်စစ်မေးရာ ထက်နိုင်ဝင်းထံမှ ဖုန်းမျိုးအစားစုံ ၁၇ လုံး၊ မျိုးဆန်းထံမှ ဖုန်းအမျိုးအစားစုံ ၃ လုံး၊ ဖုန်ဆန်းအောင်ထံမှ ဖုန်းအမျိုးအစားစုံ ၂ လုံး၊ စုစုပေါင်း ဖုန်း၂၂ လုံးကို ရှာဖွေပုံစံနဲ့ တွေ့ရှိထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဖုန်းဆိုင်ဖောက်ထွင်းခဲ့သူ ၄ ဦးကိုတော့ ဖမ်းဆီးထားပြီး တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ ကသာမြို့မရဲစခန်းက သိရပါတယ်။

No comments: