Saturday, November 5, 2016

ဆရာ ဆရာမများ ရောက်မလာ၍ အောင်သပြေ အထက(ခွဲ) ကျောင်း မဖွင့်နိုင်သေး

နိရဉ္စရာ၊


မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အထက (ခွဲ)တွင် ဆရာ ဆရာမများ ရောက်မလာ၍ ယနေ့ထိ ကျောင်းမဖွင့်ရသေးကြောင်း ကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ ဖုန်းဆက် အကြောင်းကြားသည်။

“ အောင်သပြေဆိုတာက ရခိုင်ရွာပါ။ ဘင်္ဂလီလဲ မရှိပါဘူး။ နယ်ခြားစောင့်ရဲ စခန်းလည်း ရှိပါတယ်။ ကျောင်းကလည်း နယ်ခြားစောင့်ရဲစခန်းရှေ့မှာပါ။ လုံခြုံရေးက ကောင်းပါတယ်။ အခုထိ ဆရာ ဆရာမတွေ ရောက်မလာတော့ ကျောင်းမဖွင့်ရဘဲ ဖြစ်နေပါတယ်။ ကျောင်းသား ကျောင်းသူ ၂၀၀ ကျော် စာမသင်ရဘဲ ဖြစ်နေကြပါတယ်” ဟု ပြောသည်။

အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့် စခန်းများ စီးနင်း တိုက်ခိုက် ခံရပြီးနောက် ဆရာ ဆရာမများမှာ လုံခြုံရေး အခြေအနေကြောင့် နေရပ်ပြန်သွားခဲ့ကြသည်ဟု သိရသည်။

၎င်းနောက်ပိုင်း အစိုးရမှ အခြေအနေ တည်ငြိမ်လာပြီဟု ဆိုကာ အောက်တိုဘာလ ၂၄ ရက်နေ့မှ စပြီး မောင်တောမြို့ပေါ်ရှိ ကျောင်းများကို ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက်ပိုင်း လုံခြုံရေး စိတ်ချရသော ရခိုင်တိုင်းရင်းသားကျေးရွာများရှိ ကျောင်းများကို တစ်ကျောင်းပြီး တစ်ကျောင်း ပြန်လည် ဖွင့်လှစ်ခဲ့သည်။

“ ကျောင်းတွေ ဖွင့်နေပြီ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ရွာက ကျောင်းကိုလည်း ပြန်ဖွင့်ပေးစေ ချင်ပါတယ်။ စာမေးပွဲလည်း နီးနေပြီဆိုတော့ ကျောင်းမဖွင့်ရင် ကလေးတွေ နစ်နာနိုင်ပါတယ်။ ကျောင်းအုပ်ဆရာမကြီးက ဒေါ်ခင်ခင်အေးကိုလည်း အမြန် ပြန်လာစေလိုပါတယ်။ ဆရာမကြီးလည်း မရောက်လာသေးပါဘူး။ ဆရာ ဆရာမ တစ်ဆယ်ကျော်လောက်ရှိပါတယ်။ ဘင်္ဂလီကျောင်းသား လေးငါးယောက်ဘဲရှိပါတယ်။ ဒီကျောင်းမှာက ရခိုင်တိုင်းရင်းသား ကျောင်းသားတွေ များပါတယ်” ဟု ပြောဆိုသည်။

အောင်သပြေအနီးရှိ တောင်ပြိုမြို့နယ်ခွဲရှိ အစိုးရ အထက်ကျောင်းကိုလည်း ပြန်လည် ဖွင့်လှစ်ထားပြီဟု သိရသည်။

၎င်းပြင် အောင်သပြေ တိုက်နယ်ဆေးရုံတွင်လည်း ကျန်းမာရေး ၀န်ထမ်း တစ်ဦးမှ မရှိ၍ မကျန်းမာသူများ ဆေးမကုရသလို သေဆုံးမှုများရှိနေကြောင်း၊ ယမန်နေ့ကလည်း ဒေါ်လှယဉ်စိန်ဆိုသော အမျိုးသမီးတစ်ဦးကို ကျန်းမာရေး မကောင်း၍ မောင်တောမြို့သို့ ယူဆောင်သွားခဲ့ရသည်ဟု ကျေးရွာသားများက ပြောသည်။

ကျောင်းကိစ္စနှင့် ပတ်သက်ပြီး မြို့နယ် ပညာရေးမှူးအား ဖုန်းအကြိမ်ကြိမ် ဆက်သော်လည်း လက်ခံ ဖြေဆိုခြင်း မရှိပါ။

No comments: