Friday, November 4, 2016

ပုဂံရှိ ဘုရားစေတီ ၂၀၀ ကျော်ကို မူလအလှူရှင်များအား ပြန်လည်ပြင်ဆင်ခွင့်ပြုမည်

ဇေယျာမော်

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီ ၃၈၉ ဆူအနက် အဆူ ၂၀၀ ကျော်အား မူလအလှူရှင်များကို ပြန်လည်ပြုပြင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

"ပထမဦးစားပေး ၊ ဒုတိယ ဦးစားပေး မဟုတ်ဘဲ အသေးစားပျက်ဆီးတဲ့ အဆူ ၃၀၀ ရှိတယ် ။ အဲ့အထဲက ၂၂၄ ဆူကိုပေးမှာ။ အရင်တုန်းက ကမ္ဗည်းထိုးပြီး လှူတဲ့လူတွေရှိတယ်လေ။ ၉၆ ၊ ၉၇ ၊ ၉၈၊ ၉၉၊ ၂၀၀၀ အဲ့ခေတ်မှာ ဘုရားတွေ အင်္ဂါစုံပြင်တဲ့အခါမှာ ကမ္ဗည်းထိုးပြီး လှူဒါန်းခဲ့တဲ့ အလှူရှင်တွေကို ပြောတာ " ဟု ဦးသိန်း လွင်က မဇ္ဈိမသို့ ပြောသည်။

ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ပြန်လည်ပြင်ဆင်ရန် ဘုရားစေတီပေါင်း ၃၈၉ ဆူရှိပြီး ပထမဦးစားပေး ၃၆ ဆူ နှင့် ဒုတိယဦးစားပေး ၅၃ဆူ ရှိကာ တတိယဦးစားပေးအနေဖြင့် အဆူ ၃၀၀ ရှိကြောင်း ရှေး ဟောင်း သုတေသနဌာနက စစ်တမ်းများအရ သိရသည်။

အဆိုပါ တတိယဦးစားပေး အဆူ ၃၀၀ ထဲမှ ၂၂၄ ဆူကို ရှေးဟောင်းသုတေသနဌာန၏ ကြီးကြပ်မှုဖြင့် ပြန်လည်ပြင် ဆင်ရန် မူလပိုင်ရှင်များကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးသိန်းလွင်က ဆက်လက်ပြောဆိုသည်။

ရှေးဟောင်း သုတေသနအနေဖြင့် ပုဂံဘုရားများ ပြန်လည်ပြုပြင်ခြင်းကို ဇန်န၀ါရီတွင် စတင်မည်ဖြစ်ပြီး အရေးပေါ် လုပ် ဆောင်မှုများ ဆောင်ရွက်ရန် လိုအပ်သည့် ဘုရားစေတီ ၆၀ ကျော်ကို ယခုလက်ရှိတွင် ပြင်ဆင်လျက်ရှိသည်။

"၈၃ ဆူထဲကမှ ကျွန်တော်တို့ ရွေးလုပ်တာ ၆၀ ကျော်လောက်တော့ လုပ်နေတယ်ခင်ဗျ။ ၈၃ ဆူထဲကလည်း လုပ်တယ်၊ တတိယ ဦးစားပေးထဲကလည်း တစ်ချို့အရေးကြီးတဲ့ဟာတွေလုပ်တယ်" ဟု ဦးသိန်းလွင်က ပြောသည်။

No comments: