Saturday, November 5, 2016

အစိုးရ ရဲမှ အသက် မပြည့်သေးသော ကချင် ကျောင်းသူ ကို အဓမ္မ ပြုကျင့်

Kachinnews


ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့တွင် အသက် မပြည့်သေးသော ၁၆ နှစ်အရွယ် ၈ တန်း ကျောင်းသူ ကချင် မိန်းကလေးငယ် တစ်ဦးကို နိုဝင်ဘာ ၁ ရက်နေ့ ည တံတားစောင့် အစိုးရ ရဲတပ်သား တစ်ဦးက တည်းခိုခန်းကို ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့် ခဲ့ကြောင်း သိရသည်။

ကောင်းဟော် ရွာရှိ သူမ၏ နေအိမ်မှ မိသားစုနှင့် စကားများပြီး ၂ မိုင်ခန့်အကွာ သိန္နီမြို့ ရှိ ဆွေမျိုးထံ လာစဉ် ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း သိန္နီ ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် ဆရာ Hkun Gawng (ခွန်ဂေါင်) က ဆိုသည်။

“ည ၁၀ နာရီခွဲ နှင့် မနက် ၃ နာရီကြား မှာ ဖြစ်သွားတာ။ မိန်းကလေးက သိန္နီ မှာရှိတဲ့ ဆွေမျိုး အိမ်ကို လမ်းလျှောက် သွားတာ အဲမှာ တံတားစောင့် တပ်သားက စကားလိုက်ပြောတယ်။ အစတော့ မပြောဘူး။ တံတားနဲ့ နည်းနည်းဝေးတဲ့အထိ လိုက်လာပြီး ဆွေမျိုးအိမ် ခေါ်သွားပေးမယ်ဆိုပြီး ခေါ်သွားတာ”

မြို့ရောက်တဲ့အချိန် ညနက် သွားတာကြောင့် ရဲသားက သူ၏ ဆွေမျိုးအိမ်မှာဘဲ သွားအိပ်ရန် ပြောဆိုပြီး တည်းခိုးခန်းကို ခေါ်သွားကာ၊ တည်းခိုခန်း ရှေ့ ကောင်တာ မှ မ၀င်ဘဲ အနောက်ပေါက်မှ ဝင်သောကြောင့် အခန်းရောက် တံခါးပိတ်မှ အခြေအနေ သိရှိခဲ့သည်ဟု ပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သော တံတားစောင့် ရဲသားကို လက်ရှိ သိန္နီ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိန်းကလေး ဘက်မှ ယခုအမှုကို တရားမျှတမှု ရအောင် ကြိုးပမ်းသွားမည် ဖြစ်သည်ဟု သိရသည်။

၂၀၁၁ အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်မှ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သော အမှုများတွင် တရားမျှတစွာ ဖြေရှင်းရန် ပျက်ကွက်မှုများ ရှိခဲ့သည်။

No comments: