Sunday, November 20, 2016

စီးပွားရေးအကျပ်အတည်းကြောင့် နိုင်ငံတည်ငြိမ်ရေးထိခိုက်လာဟုပြည်ခိုင်ဖြိုးပါတီပြော

နေဖြိုးဝင်း


မြန်မာနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်တဲ့ အနေအထားဖြစ်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်ရှိ ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွင့်အမှာစကားပြောကြားရာမှာ ပါတီဥက္ကဌ ဦးသန်းဌေးက ပြောတာဖြစ်ပါတယ်။

“စိုးရိမ်စရာကောင်းတာက စီးပွားရေးကျပ်တည်းမှုကို အကြောင်းပြုပြီး ရုတ်ချည်းတိုးတက်များပြား လာတဲ့ ရာဇ၀တ်မှုများဖြစ်ပါတယ်။ စီးပွားရေးမကောင်းခြင်းရဲ့ အကျိုးဆက်အဖြစ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာတဲ့အနေအထားဖြစ်လာပါတယ်။ ဒီလိုအနေအထားမှာ အမျိုးသားရေးကို ဦးထိပ်ထားတဲ့ ပါတီကြီးတစ်ရပ်အနေနဲ့ ပြည်သူ့ဘ၀လုံခြုံရေး၊ ပြည်သူတို့ရဲ့ စားဝတ်နေရေးနဲ့ စီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှုပြီး ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လေ့လာသုံးသပ်ဆွေးနွေး အဖြေရှာကြ မှာဖြစ်ပါတယ်”

၂၀၁၅ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်က ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ပေးနိုင်ပြီး စီးပွားရေးအခြေအနေ ပိုမိုချောင်လည်ကောင်းမွန်တဲ့ အုပ်ချုပ်မှုတစ်ရပ်ကို မျှော်လင့်ပြီး မဲပေးခဲ့တာဖြစ်တယ်လို့လည်းပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရတက်လာပြီး ၆ လကျော်တဲ့အထိ တိုင်းပြည်ရဲ့ စီးပွားရေးတိုး တက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ အောက်တိုဘာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံပြောဆိုခဲ့ပါတယ်။

“ အစိုးရအပြောင်းအလဲဖြစ်ပြီး ၈ လနီးပါးကြာလာတဲ့အချိန်မှာ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေ ဘယ်လိုရှိသလဲလည်းဆိုတာကို လုပ်ငန်းတွေ လည်ပတ်နိုင်မှု၊ ကုန်ဈေးနှုန်းတွေနဲ့ လက်တွေ့ စားဝတ်နေရေး အဆင်ပြေ ခြင်းမပြေခြင်းတို့က ဖော်ပြနေပြီဖြစ်သလို နိုင်ငံတော်ကိုတာဝန်ယူတဲ့ ပါတီနဲ့အစိုးရအဖွဲ့အတွင်းမှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကိုယ်တိုင် စီးပွားရေးကို တိုးတက်အောင်မစွမ်းဆောင်သေးဘူးဆိုတာကိုလည်း လူသိရှင်ကြား ဖွင့် ဟ၀န်ခံ ထားပြီးဖြစ်ပါတယ်” လို့လည်း ဦးသန်းဌေးကပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ နိုင်ငံတော်ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနဲ့ စီးပွားရေးအခြေအနေ၊ အမျိုးသားစီမံကိန်း အကောင်အထည်ဖော်မှုတွေ၊ ကုန်သွယ်ရေးနှင့် အခြေခံကုန်ဈေးနှုန်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုစတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။

ဒီဆွေနွေးပွဲကို နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုပြဿနာများကို ကျော်လွှားပြီး နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့၊ ပြည်သူတွေလက်ရှိ ခံစားနေရတဲ့ လူမှုစီးပွားရေးအကျပ်အတည်းတွေ လျော့ပါးစေဖို့နဲ့ ပါတီရဲ့ စီးပွားရေးဆိုင်ရာမူဝါဒ ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments: