Monday, November 7, 2016

ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် မသင်္ကာဖွယ် ဘင်္ဂါလီ ၄ ဦးကို ဖမ်းဆီး

DVB


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ ကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူးတဦး အပါအဝင် မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး ၄ ဦး ထပ်မံဖမ်းဆီးရမိတယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၅ ရက်က နူရူလာရဲကင်းစခန်း ဝင်ရောက်ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ဒုညောင်ပင်ကြီး ကျေးရွာအုပ်စု ခေတ္တအုပ်ချုပ်ရေးမှူး မူဟာမတ်ဘူဖိုက်ကို တွေ့ဆုံမေးမြန်းစဉ် ဖြေကြားချက်တွေ အကျိုးအကြောင်း ဆီလျော်မှုမရှိတဲ့အတွက် အဖြစ်မှန်ပေါ်ပေါက်ရေး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေ့ ညနေပိုင်းမှာပဲ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ သဝန်ချောင်းကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးစဉ် အဘူဆော်ယောက် ဆိုသူကို လေ့ကျင့်ရာမှာသုံးတဲ့ သစ်သားသေနတ်ပုံစံ ၁ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့သလို ကိုးတန်ကောက်ကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် နူရ်အာလောင် ဆိုသူကို နေအိမ် အနောက်ဘက် မြေကြီးထဲ မြှုပ်နှံထားတဲ့ ဓား ၇ ချောင်း၊ မှိန်း ၁ လက်နဲ့အတူ တွေ့ရလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် မောင်တောမြို့နယ်၊ ရေတွင်းကျွန်းကျေးရွာဝန်းကျင်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက်က မောင်တောမြို့နေ မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး နူအာလောင်ဆိုသူကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါဖမ်းဆီးရမိသူ ဘင်္ဂါလီ ၄ ဦးကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းနဲ့ အင်းဒင်ရဲစခန်းကို လွှဲပြောင်းအပ်နှံထားတယ်လို့ မြဝတီသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မောင်တော နယ်ခြားစောင့်ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားသူပေါင်း ရာနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

No comments: